စေ့စပ်လက်စွပ်အတွက် ငွေသုံးအများဆုံးက စီရော်နယ်ဒို

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ကို စတာလင်ပေါင် ၆၁၅၀၀၀ တန် စေ့စပ်လက်စွပ်ဝယ်ပေးခဲ့ရာ ဘောလုံးသမားများအနက် တန်ဖိုးအကြီးဆုံး စေ့စပ်လက်စွပ် ဝယ်ပေးသူအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် စီရော်နယ်ဒိုသည် အသက် ၂၆ နှစ်အရွယ် စပိန်မော်ဒယ် ဂျော်ဂျီနာနှင့် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ဆုံတွေ့ခဲ့ပြီး အလာနာဆိုသည့် ၂ နှစ်အရွယ် သမီးငယ်တစ်ဦး ထွန်းကားထားသည်။

မန်ယူနှင့် ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း စီရော်နယ်ဒိုတွင် ၃ နှစ်အရွယ် အမွှာသားနှင့် သမီး၊ ၁၀ နှစ်အရွယ် သားကြီး ခရစ္စတီယာနိုဂျူနီယာတို့ကိုလည်း ပိုင်ဆိုင်ထားသည်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ကြိမ်ရယူထားသည့် စီရော်နယ်ဒိုသည် နာမည်ကျော် Cartier လက်ဝတ်ရတနာကုမ္ပဏီမှ ပေါင် ၆၁၅၀၀၀ တန် စေ့စပ်လက်စွပ်ကို ချစ်သူဖြစ်သူ ဂျော်ဂျီနာကို ဝယ်ပေးခဲ့ခြင်းဖြစ်ပြီး အခြားသော တန်ဖိုးကြီးလက်စွပ်များကိုလည်း ဝယ်ယူပေးထား သည်။

စီရော်နယ်ဒိုသည် ၂၀၁၈ ခုနှစ်က ဂျော်ဂျီနာကို လက်ထပ်ခွင့်တောင်းခံခဲ့သော်လည်း ယနေ့အချိန်အထိ မင်္ဂလာမဆောင်ရသေးဘဲ စေ့စပ်ရုံအဆင့်သာ ရှိသေးသည်။

နာမည်ကြီး ဗြိတိန်ရုပ်သံတင်ဆက်သူ ပီးယားစ်မော်ဂန်နှင့် ယမန်နှစ်က တွေ့ဆုံမေးမြန်းမှုအ တွင်း စီရော်နယ်ဒိုက သူ့ကို အကူအညီပေးသော ဂျော်ဂျီနာကို အလွန်ချစ်မြတ်နိုးကြောင်း၊ တစ် နေ့တွင် မင်္ဂလာဧည့်ခံပွဲ ပြုလုပ်မည်မှာ သေချာပြီး ထိုမင်္ဂလာပွဲက မိခင်ဖြစ်သူ၏ အိပ်မက် လည်းဖြစ်ကြောင်း ပြောကြားဖူးသည်။

ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားတစ်ဦးဖြစ်သူ စီရော်နယ်ဒိုသည် လွန်ခဲ့သည့်မေလကလည်း ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နေသော ပေါ်တူဂီဆေးရုံများအတွက် ပေါင် ၁ သန်း လှူဒါန်းခဲ့သေးသည်။

ဘောလုံးသမားများအနက် ရည်းစားဖြစ်သူကို တန်ဖိုးကြီးစိန်လက်စွပ် ဝယ်ပေးခဲ့သူများအနက် စီရော်နယ်ဒိုပြီးလျှင် ဒုတိယငွေသုံးအများဆုံးက အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ဖြစ်ပြီး ဇနီး သည် မီဂန်ဒေဗစ်ဆင်ကို ပေါင် ၅၀၀၀၀၀ တန် စေ့စပ်လက်စွပ် ဝယ်ပေးခဲ့သည်။

တတိယနေရာတွင်ရှိနေသူက အင်္ဂလန်နှင့် အာဆင်နယ်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ဖြစ်ကာ ဇနီးသည် ချယ်ရီကိုးလ်အတွက် ပေါင် ၂၇၅၀၀၀ တန် စေ့စပ်လက်စွပ် ဝယ်ပေးခဲ့ပြီး အင်္ဂ လန်ကပ္ပတိန် ဟယ်ရီကိန်းက ပေါင် ၁၈၀၀၀၀ သာသုံးကာ အဆင့် ၁၀ နေရာတွင်သာ ရပ်တည် နေသည်။

စေ့စပ်လက်စွပ်အတွက် ငွေအသုံးဆုံး ဘောလုံးသမား ၁၀ ဦး

၁။ စီရော်နယ်ဒို & ဂျော်ဂျီနာ ၆၁၅၀၀၀ ပေါင်


၂။ ပစ်ဖို့ဒ် & မီဂန်ဒေဗစ်ဆင် ၅၀၀၀၀၀ ပေါင်

၃။ အက်ရှ်လေကိုးလ် & ချယ်ရီကိုးလ် ၂၇၅၀၀၀ ပေါင်


၄။ ကိုင်းဝေါ်လ်ကာ & အန်နီကေနာ ၂၅၀၀၀၀ ပေါင်


၄။ ဝိန်းရွန်နီ & ကောလင်း ၂၅၀၀၀၀ ပေါင်


၄။ ရီယိုဖာဒီနန် & ကိတ်ရိုက် ၂၅၀၀၀၀ ပေါင်


၄။ ဂျွန်တယ်ရီ & တိုနီတယ်ရီ ၂၅၀၀၀၀ ပေါင်


၈။ ပီတာခရောက်ချ် & အက်ဘေးကလန်ဆီ ၂၀၀၀၀၀ ပေါင်


၉။ ဂျက်ဝီလ်ရှီးယား & အက်ဒရီယာနီ ၁၈၀၀၀၀ ပေါင်

၉။ ဟယ်ရီကိန်း & ကေတီဂွတ်လန်း ၁၈၀၀၀၀ ပေါင်

Ref:TheSun

Facebook Comments Box
Facebook Comment