စီရော်နယ်ဒို အောင်မြင်နေရခြင်းရဲ့နောက်ကွယ်ကလူ

စီရော်နယ်ဒို။ မော်ဒန်ဘောလုံးလောက၏ လက်ချိုးရေလို့ရသည့် အကောင်းဆုံး ကစားသမားများထဲက တစ်ယောက်။

အလိမ်အခေါက်ကောင်းသည်။ ဘောလုံးကျွမ်းကျင်မှုက အပြည့်။ ပြေးအားကလည်း မီတာ ၁၀၀ ကို ၁၂ စက္ကန့်အောက်နှင့် ပြေးနိုင်သည်ဟု ဆိုကြသည်။

ဖရီးကစ် အကန်ကောင်းသလို လေထဲ ခုန်ပျံခေါင်းတိုက်ချက်ကလည်း တိကျသည်။ ဘောလုံးလာရာလမ်းကြောင်းကို တွက်ချက်ကာ ချိန်သားကိုက် ခုန်လိုက်ချိန်တွင် သူ၏ ခြေဖျားက ပြိုင်ဘက်နောက်ခံလူ၏ ခါးလောက်အထိ ရောက်သွားလေ့ရှိသည်။

အသက်က ၃၅ နှစ်။ တိတိကျကျဆိုရလျှင် ၃၅ နှစ်ကို ကျော်လွန်လာသည်က ၇ လ ကျော်သွားပြီဖြစ်ပြီး လာမည့် ၂၀၂၁ ဖေဖော်ဝါရီ ၅ ရက်ဆိုလျှင် ၃၆ နှစ်မြောက် မွေးနေ့ကိုပင် ဆင်နွှဲရတော့မည် ဖြစ်သည်။

ထိုအသက်အရွယ်က ဘောလုံးလောကတွင် နေဝင်ချိန်ဟု ဆိုနိုင်သည်။ ၃၉ နှစ်အရွယ် အီဘရာဟီဗိုဗစ်၊ ၅၃ နှစ်အရွယ် မီအူရာတို့လည်း ကစားနေပါသေးတယ်ဟု စောဒကတက်နိုင်ပါသည်။

သို့သော် ၎င်းတို့နှင့် ပေါ်တူဂီကပ္ပတိန်၏ အနေအထားက ကွာခြားသည်က အရှိတရားဖြစ်သည်။ ဂျူဗင်တပ်စ်တိုက်စစ်မှူးက အောင်မြင်မှု ဆာလောင်သလို ပွဲတိုင်း ကစားခွင့်ရရန် တောင်းဆိုလေ့ရှိသည်။

တစ်ခါတရံ နောက်ပွဲအတွက် လူစားလဲရသည်မျိုး၊ လူစာရင်းထဲ မထည့်ထားသည့် အချိန်မျိုး တွင် စီရော်နယ်ဒို၏ နည်းပြအပေါ် ပေါက်ကွဲသည့် အမူအရာက ခွင့်လွှတ်နားလည်ပေးနိုင်မည့် အမူအရာဟု ဆိုရပေမည်။

လူငယ်လေးတစ်ဦးလို

စီရော်နယ်ဒိုကို ကြည့်ပါက ဘယ်သောအခါမှ ခိုကပ်လေ့မရှိဘဲ ကြိုးစားကစားလေ့ရှိသည်ကို တွေ့နိုင်သည်။ ဒါက ပရော်ဖက်ရှင်နယ် ပီသလွန်းသူ၊ အသင်းအတွက် အရာအားလုံး ပေးဆပ် ထားသူတို့တွင်သာ မြင်တွေ့နိုင်သည့် အရာများပင်။

၃၅ နှစ်ကျော်အရွယ်နှင့် ကွင်းအတွင်း နေရာစုံ ပြေးလွှားကစားနေသော စီရော်နယ်ဒို၏ ကြံ့ခိုင်မှုက အထင်ကြီး လေးစားစရာကောင်းသည်။ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်ဦးမလား။

ကာယဗလသမားများလို အဆီပိုမရှိ၊ သွယ်လျကျစ်လျစ်သော ကိုယ်နေဟန်ထားနှင့် ကြွက်သားများက မိန်းကလေးများကို ဖမ်းစားနိုင်စွမ်းရှိသည်။ six pack ဆိုသည်ကိုလည်း ပိုင်ဆိုင်ထားသည်။

ဒီတော့ စီရော်နယ်ဒိုတစ်ယောက် မြက်ခင်းစိမ်းထက် လိုသလို ပြေးလွှားဆော့ကစားနေသည်က သူ၏ အစားအသောက်၊ အနေအထိုင်နှင့် သက်ဆိုင်နေသည်က သေချာနေသည်။

ကန့်လန်ကာ နောက်ကွယ်ကလူ

လူတိုင်းအတွက် ကျန်းမာရေးက အရေးအကြီးဆုံးပင် ဖြစ်သည်။ ပိုက်ဆံ ဘယ်လောက်ရှိရှိ ကျန်းမာရေးမကောင်းပါက အလကားပင် ဖြစ်သည်။

Apple ကို ပူးတွဲတည်ထောင်သူ ဘီလျံနာ စတိဗ်ဂျော့၏ဖြစ်ရပ်က ကျန်းမာရေးက အဓိကဖြစ် ကြောင်း ပြဆိုနေသည်။ ငွေဆိုသည်က ကြိုက်သည့်အချိန် ရှာဖွေနိုင်သည်။

ကျန်းမာခြင်းက ငွေပေးဝယ်၍ မရသော ဆုလာဘ်တစ်ခုပင်။ ဗုဒ္ဓကလည်း ကျန်းမာရေးက အ ရေးအကြီးဆုံးဖြစ်ကြောင်း လမ်းညွှန်ဟောကြားဖူးသည်။ မြန်မာလူမျိုးတို့ကလည်း ကျန်းမာ ခြင်းက လာဘ်တစ်ပါးဟုပင် တင်စားကြသည်။

ထားတော့။ ကျန်းမာအောင်နေထိုင်ခြင်းတွင် အကြောင်းတရား မျိုးစုံရှိသည်။ အာဟာရပြည့်ဝ သည့် အစားအစာများကို သင့်လျော်အောင် စားမည်။ အဆီတက်စေမည့် အစားအစာများကို ရှောင်ရှားမည်။

အသီးအနှံများကို သင့်တော်အောင်စားပြီး အိပ်ရေးဝဝအိပ်လျှင် ကျန်းမာဖို့က သေချာသလောက်ရှိသည်။ သို့သော်…

ထိုသို့သော်က တော်တော် စကားပြောသည်။ လူတိုင်းလူတိုင်း ကျန်းမာချင်ကြသည်။ နာမကျန်းဖြစ်ခင်သူဆို၍ မရှိနိုင်ပါ။

သို့သော် လူတိုင်း ကျန်းမာအောင် နေထိုင်စားသောက်နည်းများကို တစ်သွေမတိမ်း လိုက်နာ ဆောင်ရွက်ပါရဲ႕လား။

နိုးပါ။ ငွေကြေးအဆင်မပြေသောကြောင့် အာဟာရပြည့်ဝသည့် အစားအစာများကို စားချင်လျက်နှင့် မစားနိုင်သူများရှိသလို အရက်၊ ဆေးလိပ်၊ ဘီယာ၊ မူးယစ်ဆေး စသည့် ကျန်းမာရေး ကို ထိခိုက်စေသော အရာများအား နှစ်ခြိုက်စွဲလန်းစွာ လုပ်နေသူများကလည်း ဒုနဲ့ဒေး။

စီရော်နယ်ဒိုကမူ ဆယ်ကျော်သက်အရွယ်ကလို ကျန်းမာသွက်လက်နေစေဖို့အတွက် အစားအ သောက်ကို အာဟာရရှိရှိ သုံးဆောင်သလို မူးယစ်စေသည့်အရာများကိုလည်း အတတ်နိုင်ဆုံး ရှောင်သည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဆွီဒင်ကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သော နေးရှင်းလိဂ်ပွဲတွင် ၂ ဂိုးစလုံးသွင်းခဲ့သော ပေါ်တူဂီကပ္ပတိန်၏ ရွေ့လျားမှုကိုကြည့်ပါက အားကျစရာကောင်းလှသည်။

ဂိုးဧရိယာအပြင်ဘက်မှ ကန်သွင်းသော ဖရီးကစ်နှင့် အဝေးကန်ချက်များက တိကျကာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ မရပ်မနား ပြေးလွှားဆော့ကစားနေသော်လည်း သူ့ပုံစံက မောပန်းနွမ်း နယ်ဟန် တစ်ချက်မှမပြဘဲ ကြံ့ခိုင်မှုပိုင်းကလည်း ဒေါင်ဒေါင်မြည်ပင်။

ဒီတော့ စီရော်နယ်ဒိုတွင် ဆေးကောင်းဝါးကောင်းများ ရှိနေသလားဟု ထင်နိုင်သည်။ အမှန်က ထိုသို့မဟုတ်ပါ။ ၎င်းတွင် အစားအသောက်ကောင်းများကို အာဟာရရှိရှိ ချက်ပြုတ်ပေးသော ပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ယောက် ရှိနေခြင်းပင်။

သူ ဘယ်သူလဲ

ဂျော်ဂျီရိုဘာရိုနီ။ အီတလီလူမျိုး စားဖိုမှူး။ ရိုးရိုး စားဖိုမှူးမဟုတ်။ ပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ယောက်။ ဘာစားလျှင် ကယ်လိုရီ ဘယ်လောက်ရမည်။ ဘယ်အချိန်မှာ ဘာစားသင့် သည်။ ဘာမစားသင့် စသဖြင့် ဆရာဝန်တစ်ယောက်လို ညွှန်ကြားနိုင်သည်။

ဘာရိုနီက ရိုးမားနှင့် လီဗာပူးလ်ကွင်းလယ်လူဟောင်း အကွီလာနီ၊ စပါး၊ အေစီမီလန်၊ ဘာစီလို နာတို့တွင် ကစားဖူးသော ဂါနာကွင်းလယ်လူ ကီဗင်ပရင့်စ်ဘိုတန်တို့ကို ချက်ပြုတ်ကျွေးမွေးရ သည့် စားဖိုမှူးတာဝန်ကို ယူဖူးသူဖြစ်သည်။

ဆိုတော့ ဘောလုံးသမားများအကြောင်း သူ ကောင်းကောင်းသိသည်။ ယခုလည်း ကမ္ဘာ့အ ကောင်းဆုံး ကစားသမား ၅ ဆုရှင် စီရော်နယ်ဒို၏ စားဖိုမှူးအဖြစ် ဆောင်ရွက်နေသည်။

စီရော်နယ်ဒိုနှင့် ဘာရိုနီတို့ လက်တွဲမှုက သိပ်မကြာသေး။ လွန်ခဲ့သည့် ဇန်နဝါရီကမှ လက်တွဲ ခြင်းဖြစ်ရာ ၈ လလောက်ပင်ရှိသေးသည်။

သို့သော် ထိုကာလအတွင်း စီရော်နယ်ဒို၏ ဘော်ဒီက ပိုမိုကျစ်လျစ်လာသလို ကြံ့ခိုင်မှုအပိုင်းက လည်း ပိုကောင်းလာကာ တစ်ဦးချင်းဆိုင်ရာ စံချိန်များ တင်နိုင်ခဲ့သည်။

ဘာရိုနီ၏တာဝန်က အစားအသောက် ချက်ပြုတ်ပေးရုံတင် မဟုတ်။ နံနက်စာအပါအဝင် စား သည့်အကြိမ်တိုင်း အာဟာရပြည့်ဝအောင် ဘယ်လိုချက်ပြုတ်ရမလဲ၊ ဘာတွေ စားသင့်သလဲဆိုတာကို ပြောပြပေးရသည်။

စီရော်နယ်ဒိုကလည်း ဘာရိုနီ ချက်ထားသည့်အတိုင်း၊ လမ်းညွှန်သည့်အတိုင်း လိုက်နာစားသောက်လေ့ရှိပြီး စောဒကတက်ခြင်းမျိုးမရှိ။

၎င်းတို့နှစ်ယောက် ဆက်ဆံမှုက အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံမှုမျိုး မဟုတ်ဘဲ ညီအစ် ကိုအရင်းလို ချစ်ခင်ကြသည်။ စီရော်နယ်ဒိုကလည်း ခရီးထွက်တိုင်း ဘာရိုနီကို ခေါ်သွားလေ့ရှိ သည်။

စီရော်နယ်ဒို၏ ဇိမ်ခံရွက်လှေပေါ်၊ ဂျက်လေယာဉ်ပေါ် တူရင်မြို့သား ဘာရိုနီကို မြင်တွေ့နိုင် သည်။

“စီရော်နယ်ဒိုက တစ်ခါတလေကျရင် ဝိတ်တက်စေတဲ့ အချိုရည်တွေကို သောက်ချင်တာမျိုးရှိ တယ်။ အဲဒီအခါမျိုးဆို ကျွန်တော်က မသောက်သင့်ဘူး။ ရေသောက်လိုက်ရင် ပိုကောင်းမယ် လို့ ပြောရတယ်။ သူကလည်း လက်ခံပါတယ်။ ကျွန်တော့်ဘက်ကတော့ သူ့ကို အာဟာရပြည့်ဝ တဲ့ အစားအသောက်တွေကို ချက်ပြုတ်ကျွေးမွေးရမှာပါ။ အားကစားသမားတစ်ယောက် မဖြစ်မနေ စားသောက်ရမယ့် အစားအစာတွေပေါ့။ သူ ခံတွင်းတွေ့ဖို့ကလည်း လိုတယ်လေ။ ချက်ပြုတ်ရတာကို လွယ်တယ်ထင်နေပေမယ့်လည်း ဒါက အနုပညာတစ်ခုလိုပါပဲ။ အသေးစိတ်ကအစ စီမံရတာမျိုးပါ” ဟု ဘာရိုနီက ဆိုသည်။

သူ၏ ပြောစကားထဲတွင် အလုပ်အပေါ် ကျွမ်းကျင်မှုကို မြင်တွေ့ရသလို စီရော်နယ်ဒို အပေါ် တွင်လည်း ညီအစ်ကိုလို ထားရှိသော သံယောဇဉ်ကို တွေ့နိုင်ပါသည်။

Facebook Comments Box
Facebook Comment