စီရော်နယ်ဒို စံချိန်တင်နိုင်ဖို့ ကူညီပေးမယ်လို့ ဖာနန်ဒက်စ် ကတိပေး

ပေါ်တူဂီ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင် စီရော်နယ်ဒို၏ ပုဂ္ဂလိကပိုင်းဆိုင်ရာ သမိုင်းဝင်စံချိန်တစ်ခု တင်နိုင်ရေးအတွက် ကူညီပေးသွားမည်ဟု ပြောကြားလိုက်သည်။

အသက် ၃၅ နှစ်အရွယ် စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် ၁၀၁ ဂိုး သွင်းယူထားပြီး အီရန်တိုက်စစ်မှူး အလီဒါယီ၏ ၁၀၉ ဂိုးစံချိန်ကို မီရန် ၈ ဂိုးသာ လိုတော့သည်။

လက်ရှိတွင် ဂျူဗင်တပ်စ် ကစားသမား စီရော်နယ်ဒိုသည် အလီဒါယီနည်းတူ နိုင်ငံတကာသွင်းဂိုး ၁၀၀ ကျော်သွင်းနိုင်သော ဒုတိယမြောက် အားကစားသမားဖြစ်လာပြီး အီရန်တိုက်စစ်မှူးကို ကျော်ဖြတ်၍ နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ရေး ရည်မှန်းထားသည်။

ထို့ကြောင့် မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က ညီအစ်ကိုလို ခင်မင်ရသော စီရော်နယ် စံချိန်ချိုးနိုင်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီပေးသွားမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် ဖာနန်ဒက်စ်ကို ယူနိုက်တက်သို့ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့သူလည်းဖြစ်သည်။ ၂၀၀၃ ခုနှစ်မှစကာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားထားသော စီရော်နယ်ဒို သည် နိုင်ငံတကာ ၁၆၅ ပွဲကစားထားပြီး ဆွီဒင်ကို အနိုင်ရခဲ့သည့် နေးရှင်းလိဂ်ပွဲတွင် ၂ ဂိုးသွင်း ကာ စုစုပေါင်းသွင်းဂိုး ၁၀၁ ဂိုးအထိ ရှိလာပြီဖြစ်သည်။

ဖာနန်ဒက်စ်က “ဘယ်သူမဆို ဘောလုံးပွဲကြည့်ရင် စီရော်နယ်ဒို ဂိုးမသွင်းနိုင်တဲ့အခါ ဆိုးရွားတဲ့ပွဲလို့ ပြောကြတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အားဖြင့် သူက အမြဲတမ်း ဂိုးသွင်းနေကျလေ။ သူနဲ့ တွဲကစားခွင့်ရလို့ ပျော်ပါတယ်။ သူဖြစ်ချင်တဲ့ စံချိန်ချိုးဖျက်မှုကို လုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ လုပ်လည်း လုပ်နိုင်မှာပါ။ လက်ရွေးစင်အသင်းနဲ့အတူ စံချိန်ချိုးချင်နေတဲ့ သူ့ကို ကျွန်တော် ကူညီပေးသွားမှာပါ” ဟု ပြောသည်။

Ref:MES

Facebook Comments Box
Facebook Comment