စီရော်နယ်ဒို၏ တိုင်ထိစံချိန်ကို ထရိုဆက် လိုက်မီ

ဘရိုက်တန် တောင်ပံကစားသမား လီယန်ဒရိုထရိုဆက်သည် ယူနိုက်တက်အား ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်သည့် စီရော်နယ်ဒို တင်ထားသောစံချိန်ကို လိုက်မီခဲ့သည်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃ စနေနေ့ အစောဆုံးပွဲတွင် အိမ်ရှင်ဘရိုက်တန်သည် ယူနိုက်တက်ကို အသာစီး ကစားနိုင်ခဲ့ပြီး ပွဲသိမ်းခရာ မှုတ်ပြီးချိန်မှ ပေးလိုက်ရသော ပင်နယ်တီဂိုးကြောင့်သာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

နည်းပြ ဂရေဟမ်ပေါ်တာ၏ ဘရိုက်တန်သည် ဦးဆောင်ဂိုး သွင်းယူနိုင်သလို ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းခွင့် ၁၈ ကြိမ်(ယူနိုက်တက် ၇ ကြိမ်)၊ ဂိုးတိုင်ထိ ၄ ကြိမ်(ယူနိုက်တက် မရှိ)အထိ ရခဲ့သည်။

ဂိုးတိုင်ထိသည့် ၄ ကြိမ်အနက် တောင်ပံကစားသမား ထရိုဆက် တစ်ဦးတည်းက ၃ ကြိမ် ကန်သွင်းခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၁၄ နှစ်က စီရော်နယ်ဒို၏ စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် ထရိုဆက် သည် ပထမပိုင်းတွင် ဂိုးဧရိယာ အပြင်ဘက်မှ ဘယ်ခြေကန်ချက်ဖြင့် ကန်ခဲ့သော ၂ ကြိမ်က ဂိုးဘားတန်း၊ ဂိုးတိုင်ခြေ ထိထွက်ခဲ့သလို ဒုတိယပိုင်းတွင်လည်း ဘယ်ခြေဖြင့် ၁ ကြိမ်ကန်ရာ ဂိုးဘားတန်း ထိထွက်ခဲ့ပြန်သည်။

ထို့ကြောင့် ၎င်းသည် ၂၀၀၆ အောက်တိုဘာနောက်ပိုင်း ပရီးမီးယားလိဂ် တစ်ပွဲတည်းတွင် ဂိုးတိုင်ကို ၃ ကြိမ်ထိအောင် ကန်နိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။

၂၀၀၆ အောက်တိုဘာလက ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုသည် နယူးကာဆယ်နှင့်ပွဲတွင် ဂိုးတိုင်ထိခဲ့သည့် ကန်ချက် ၃ ကြိမ်အထိရှိခဲ့ရာ ၁၆ နှစ်နီးပါးအကြာတွင် ထရိုဆက်က ပေါ်တူဂီတိုက်စစ်မှူး၏ စံချိန်ကို လိုက်မီခဲ့ခြင်း ဖြစ်သည်။

Ref:optajoe

Facebook Comments Box
Facebook Comment