စီရော်နယ်ဒိုနှင့် လူကာကူတို့မှာ ဘယ်သူက စီးရီးအေရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဖြစ်မလဲ?

ခရစ္စတီယာနိုရော်နယ်ဒိုသည် အသက် ၃၅ နှစ်အရွယ်သို့ ရောက်ရှိလာမှုနှင့်အတူ သူ့ခေတ်တစ်ခေတ်အဆုံးသတ်ရန် နီးစပ်လာပြီ ဖြစ်သည်။ ဂျူဗင်တပ်စူပါစတားသည် အသက် ၃၅ နှစ်သို့ ရောက်နေသည့်တိုင် ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးအနေအထားမှာ ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်သည်။ သို့ရာတွင် သူ့အသက် ၃၅ နှစ်သို့ ရောက်နေပြီဆိုသည်ကို မမေ့သင့်ပါ။

အသက် ၄၀ နှစ်အတွင်းသို့ တိုးဝင်လာမှုနှင့်အတူ ပရော်ဖက်ရှင်နယ်လောကမှာ တန်ဖိုးကျဆင်းလာသည်ကို ငြင်းဆန်၍ မရပေ။

ပေါ်တူဂီစတားသည် လွန်ခဲ့သည့် ၂ နှစ်တုန်းက ဂျူဗင်တပ်သို့ ပေါင်သန်း ၁၀၀ ဖြင့် ပြောင်းခဲ့သူဖြစ်သည်။ သို့ရာတွင် ယခုအခါ သူ၏တန်ဖိုးမှာ ယင်းပမာဏ၏တစ်ဝက်မျှပင် မရှိချေ။

ယနေ့မှာ စီးရီးအေ၏တန်ဖိုးအရှိဆုံးကစားသမားများစာရင်းထွက်ပေါ်လာသည်။ ခရစ္စတီယာနိုရော်နယ်ဒိုမှာ စီးရီးအေ၏တန်ဖိုးအရှိဆုံးကစားသမားစာရင်းတွင် အဆင့် ၉ နေရာတွင် ရပ်တည်နေသည်။

စီးရီးအေ၏ တန်ဖိုးအရှိဆုံး ကစားသမားအဖြစ် အင်တာမီလန်တိုက်စစ်မှူး လူကာကူက ပေါင် ၇၆.၅ သန်းဖြင့် ရပ်တည်နေသည်။ ဒုတိယနေရာတွင် ဂျူဗင်တပ်တိုက်စစ်မှူးပေါ်လိုဒိုင်ဘာလာက ပေါင် ၇၂ သန်းဖြင့် ရပ်တည်နေပြီး တတိယနေရာတွင် ဂျူဗင်တပ်နောက်ခံလူဒီလက်က ပေါင် ၆၃ သန်းဖြင့် ရပ်တည်နေသည်။ စတုတ္ထနေရာတွင် အင်တာတိုက်စစ်မှူးလူသာရိုမာတီနက်ဇ်က ပေါင် ၆၃ သန်းဖြင့်ပင် ရပ်တည်နေကာ ပဥ္စမနေရာတွင် နာပိုလီခံစစ်မှူးကူလီဘာလီက ပေါင် ၅၈.၅ သန်းဖြင့် ရပ်တည်နေသည်။ စီးရီးအေ၏ တန်ဖိုးအရှိဆုံးကစားသမားငါးဦးစာရင်းကို ကြည့်လိုက်လျှင် တိုက်စစ်သမားသုံးဦးပါဝင်ပြီး ခံစစ်မှူးနှစ်ဦးအထိ ပါဝင်နေသည်။

စီးရီးအေ၏ တန်ဖိုးအရှိဆုံးကစားသမားဆယ်ဦးစာရင်းတွင် လာဇီယို၏မီလန်ကိုဗစ်ဆာဗစ် (ပေါင်၅၈.၅သန်း)၊ အင်တာနောက်ခံလူဒီဗရဲလ် (ပေါင်၅၄သန်း)၊ မီလန်ဂိုးသမားဒွန်နာရမ်မာ (ပေါင်၅၄သန်း)၊ ခရစ္စတီယာနို‌ရော်နယ်ဒို (ပေါင်၅၄သန်း)နှင့် ဂျူဗင်တပ်ကွင်းလယ်လူအာသာမီလို (ပေါင်၅၄သန်း)တို့ ပါဝင်နေသည်။

စီးရီးအေတန်ဖိုးအရှိဆုံးကစားသမားများစာရင်းတွင် ပါဝင်သည့် အခြားကစားသမားများမှာ ဟာကီမီ(အင်တာ/ပေါင်၄၅သန်း)၊ စကီရီနီယာ (အင်တာ/ပေါင်၄၅သန်း)၊ အဲရစ်ဆင် (အင်တာ/ပေါင်၄၅သန်း)၊ အိုဆမ်ဟမ် (နာပိုလီ/ပေါင်၄၅သန်း)၊ဘာရယ်လာ (အင်တာ/ပေါင်၄၅သန်း)၊လူးဝစ်အယ်ဘာတို (လာဇီယို/ပေါင်၄၅သန်း)၊ဘန်တန်ကော် (ဂျူဗင်တပ်/ပေါင်၄၅သန်း)၊ဖာဘီယန်ရုဇ် (နာပိုလီ/ပေါင်၄၅သန်း)၊ချီယေးဆာ (ဂျူဗင်တပ်/ပေါင်၄၅သန်း)၊အင်ဆိုက်နီ (နာပိုလီ/ပေါင်၄၅သန်း)တို့ဖြစ်သည်။

Facebook Comments Box
Facebook Comment