စိတ်ဝင်စားစရာ အကောင်းဆုံးလူစာရင်းနဲ့ လမ်းပတ်ရဲ့အသင်း

ကိုဗစ် 19 ကြောင့် ဘောလုံးပြက္ခဒိန်တွေက ဇောက်ထိုးနဲ့ မိုးမျှော်တွေဖြစ်နေပေမယ့် ပရီးမီးယားလိဂ်ကတော့ ပုံမှန်လည်ပတ်နိုင်ဖို့ ခပ်သွက်သွက်စိုင်းပြင်းနေကြတာ အားလုံးအသိပါ။ ကျွန်တော်တို့ ဇာတိမြေရွှေနိုင်ငံကြီးကတော့ ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် Home Stay အခြေအနေကို ပြန်ဦးတည်လာနေလို့ လူတိုင်း ကြောင့်ကြပူလောင်နေကြရပေမယ့် ဒီတစ်ခါ Home Stay မှာ EPL လေးရှိနေတာ အဆိုးထဲက နည်းနည်းလောက်တော့ စိတ်ဖြေစရာလို့ဆိုရမှာပဲ။ အပြင်က အခြေအနေတွေက ကိုယ်လဲပြောင်းလဲဖို့ ဘာမှမတတ်နိုင်တော့ ကိုယ့်ကြောင့်ကိုယ့်ပတ်ဝန်းကျင် မထိခိုက်ဖို့ အိမ်ထဲမှာ ငြိမ်ငြိမ်လေးနေရင်း ဒီကာလ ကြီးကျော်လွန်ဖို့ စောင့်မျှော်နေချိန်မှာ ဒါလေးက ဖျော်ဖြေမှုတစ်ခုမဟုတ်လား . . .။

လာမယ့်တစ်ပတ်ဆိုရင် EPL ရဲ့ ၂၀၂၀-၂၁ ရာသီစပြီ. . . ။ EPL ကိုစိတ်ဝင်စားတဲ့ ၀ါသနာရှင်တိုင်း(နီးပါး) မှာကိုယ်အား ပေးတဲ့အသင်းကိုယ်စီရှိကြပြီး ခုချိန်မှာ ဘယ်အသင်းကတော့ ဘယ်သူကို ခေါ်လိုက် ဘယ်သူကတော့ ဘယ်အသင်းနဲ့ ဆွေးနွေးနေပြီဆိုတဲ့ သတင်းတွေကို နေ့တိုင်းတွေ့မြင်နေရပါတယ်။ ကျွန်တော်ကတော့ ဘယ်အသင်းကို ကြိုက်တယ်/မကြိုက်ဘူး ဆိုတာမျိုးမရှိဘဲ အသင်းအားလုံးကို ခြုံကြည့်တာ အကျင့်ပါနေတော့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို လေ့လာရင်း ဘယ်အသင်းကတော့ ဘာဖြစ်လာနိုင်တယ်ဆိုတာမျိုး တွေးကြည့်နေဖြစ်တယ်။ ပြောရရင် ကုိုယ့်ကိုယ်ကိုယ် EPL မန်နေဂျာနေရာထားပြီး စိတ်ကူးဖဲရိုက်နေတာပေါ့။

ဒီအချိန်ဒီကာလမှာ ဒီလိုစိတ်ကူးယဉ်လို့ အကောင်းဆုံးကတော့ ချယ်လ်ဆီးဖြစ်နေတယ်ဆိုတာ ငြင်းစရာမလိုလောက် ဘူး။ အခုအချိန်အထိ ကစားသမား (5)ယောက် ကို (အသင်းကြီးအတွက်) စာချုပ်ထားနိုင်ပြီဖြစ်သလို နောက်ထပ်စာချုပ်ဦးမယ့် အခြေအနေတွေကို လည်းမြင်နေရတာကိုး။ မနှစ်က အပြောင်းအရွှေ့အပိတ်ခံထားရပေမယ့် အသင်းရဲ့ အနေအထားကို အကောင်းဆုံး ထိန်းထား နိုင်ခဲ့တဲ့ နည်းပြလမ်းပတ်တစ်ယောက်အတွက် လိုချင်တဲ့အခြေအနေမရောက်ရင်တောင် အားနည်းတဲ့ အပိုင်းမရှိရလေအောင် အသင်းပိုင်ရှင်နဲ့ စီအီးအို မမ တို့ကဖြည့်ဆည်းပေးနေပြီမဟုတ်လား။ တစ်ဖက်က ပြန်ကြည့်ရင်တော့ လမ်းပတ်အတွက် စိန်ခေါ်မှု အစစ်က အခုမှစမယ်ဆိုပါတော့။


ကဲ . . . ဒါဆိုလမ်းပတ် ခေါ်လိုက်တဲ့ကစားသမားတွေနဲ့ သူ့အသင်းကို ဘယ်လိုများတည်ဆောက်မလဲ။ လမ်းပတ် မူလတည်ထားတဲ့အတိုင်း သွားမှာလား။ ဒါမှမဟုတ် နည်းဗျူဟာ အပြောင်းအလဲလုပ်ဖို့ အစီအစဉ်ရှိနေမလား။ ကျွန်တော့် အမြင် အရတော့ လမ်းပတ်ဟာ သူ့အသင်းရဲ့ Base Form ကို ပြောင်းမယ့်သဘောမရှိဘူး။ သူခေါ်ထားတဲ့ကစားသမားတွေ ကြည့်ရတာ သူတည်ထားတဲ့ 4-2-3-1 ကို ပိုအားကောင်းအောင်ဦးတည်ထားသလိုပဲ။ လမ်းပတ် အထူးပြင်ဆင်ထားတာက တိုက်စစ်ပိုင်း။ မနှစ်က ပူလီဆစ်+မေဆန်မောင့်+၀ီလျံ+အေဘရာဟမ် ဆိုတဲ့တိုက်စစ်မှာ (အကယ်၍ ဟာဗက်ဇ်သာရောက်လာရင်) ပူလီဆစ် တစ်ယောက်ပဲ ချန်ပြီး အလုံးစုံပြင်ဆင်ထားတယ်။ ကွင်းလယ်ကိုတော့ ကန်တေနဲ့ ဂေးလ်မား ကိုဦးစားပေးဖို့များတယ်။ ကိုဗာချစ်+ ဂျော်ဂင်ဟိုက ခြေအတက်အကျမငြိမ်လို့ ဒုတိယဦးစားပေးပဲဖြစ်နိုင်ပါတယ်။ ခံစစ်မှာ ဆေးလ်ဗားရောက်လာတာ ကတော့ ကံစမ်းမဲဖြစ်နိုင်တယ်။ ဆေးလ်ဗားက ဦးဆောင်နိုင်ရင် ဆေးလ်ဗား+ရူဒီဂါ က EPL မှာအတောင့်ဆုံးဖြစ်လာနိုင်ပြီး မာလန်ဆားရ်ကတော့ ဇူးမား၊ ခရစ္စတီယန်ဆန်၊ တိုမိုရီတို့နဲ့ တတိယဦးစားပေး လုရမှာပါ။ ဘင်ချီဝဲလ်နဲ့ ကွေတာတို့နောက်မှာ အလွန်ဆို/အီမာဆင်နဲ့ ရီဆီဂျိမ်း ရှိနေလို့ wing back အနေနဲ့ရော fullback အဖြစ်ပါ သုံးနိုင်သွားပြီ။ ဒီတော့ လူစာရင်း ချရေး ကြည့်ရင် ဂိုးသမားနဲ့ Midfield defence နေရာကလွဲရင် အပြောင်းအလဲတွေနဲ့ အားကောင်းလာတဲ့ချယ်လ်ဆီးကိုမြင်ရမှာပါ။ (ခန့်မှန်းဦးစားပေးလူစာရင်းကို ပုံနဲ့ဖော်ပြထားပြီး စာရေးတဲ့အချိန်ထိ တရားဝင် လူစာရင်းကို ဖြည့်သွင်းထားတာပါ)


လက်ရှိပရီးမီးယားလိဂ် Big6 ဆိုတဲ့အသင်းကြီး (၆)သင်းအနေအထားမှာ လက်ရှိချန်ပီယံလီဗာပူးလ်နဲ့ မန်စီးတီးတို့က ကျန်တဲ့ (၄)သင်းထက် နှာတစ်ဖျားသာနေဆဲပါပဲ။ ဒါပေမယ့် ဒီကွာဟနေတဲ့နှာတစ်ဖျားကို လမ်းပတ်နဲ့ ချယ်လ်ဆီးက ဒီလူစာရင်းနဲ့ဆို အမီလိုက်နိုင်ပြီလား။ အဲဒီလိုတော့ ကျိန်းသေတွက်မရသေးဘူးဗျ။ လူသစ်များများဝင်လာတာ အသင်းရဲ့ အင်အားကို တိုးတက်စေတယ်ဆိုတာ ယေဘူယျသဘောနဲ့ မှန်ပေမယ့် အဲဒီကစားသမားသစ်တွေနဲ့ မူလကစားသမားတွေရဲ့ ပူးပေါင်းမှုရလဒ်က အပေါင်းလက္ခဏာထွက်ဖို့လိုပါသေးတယ်။ ဒီအခြေအနေက လမ်းပတ်နည်းပြဖြစ်လာပြီးတဲ့အချိန် ကြုံတွေ့ ရတဲ့အပြောင်းအလဲတွေမှာ အကြီးဆုံးအပြောင်းအလဲဖြစ်ပြီး ဒါကို လမ်းပတ်ဘယ်လိုကိုင်တွယ်မလဲ ဆိုတာစိတ်ဝင်စားစရာ ကောင်းတဲ့အခြေအနေတစ်ရပ်ပါပဲ။


ကဲ . . . လမ်းပတ် လုပ်နိုင်ပါ့မလား . . .? ခင်ဗျားကရော ဘယ်လို ထင်သလဲ . . .?

မောင်ဖိုးကွန့်
3-9 -2020

Facebook Comments Box
Facebook Comment