စိတ်ကူးယဉ် အတ္တစည်းဝိုင်းထဲက ထွက်ခဲ့တော့ အိုလေ

မောင်ဖိုးကွန့်

ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက် ဘောလုံးအကြောင်း ဆွေးနွေးကြတဲ့အခါ မကြာခဏ ပြောလေ့ရှိတဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားအကြောင်း စကားလမ်းသင့်တဲ့ အခါမျိုးမှာပေါ့။

အိုလေနဲ့ Coming Back ဆိုတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ‘ဒီတစ်ပတ်ပွဲမှာ အိုလေရဲ့ယူနိုက်တက် ပြန်လာနိုင်မလား’ လို့တစ်ယောက်က စလိုက်ရင် နောက်တစ်ယောက်က ‘ပြန်လာနိုင်ပါတယ် ပြီးရင်ပြန်သွားဦးမှာပဲ သူက သွားလိုက်ပြန်လိုက် ဖြစ်နေတာကိုး’ ဆိုတဲ့ သဘောသက်ရောက်တဲ့ ဆွေးနွေးမှုမျိုးပေါ့။

အားလုံးလည်း သတိထားမိကြမှာပါ။ ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်နဲ့ အိုလေဂန်နာဆိုးလ်ရှား ဘယ်နှစ်ခါပြန်လာခဲ့ပြီး ဘယ်နှစ်ခါ ပြန်သွားပြီးပြီလဲ။

ယူနိုက်တက်နဲ့ ပတ်သက်ပြီး ကျွန်တော်ဒီ Page မှာ လွန်ခဲ့တဲ့ ၁ လလောက်တုန်းက ရေးဖူးခဲ့ပါတယ်။ ယူနိုက်တက် ဘုတ်အဖွဲ့က ထောက်ပံ့မှုကို အပြည့်အဝမရရင် အိုလေမပြောနဲ့ ဖာဂူဆန်ကိုယ်တိုင် ပြန်လာမယ်ဆိုရင်တောင် အရင်ယူနိုက်တက် ပြန်ဖြစ်ဖို့လမ်းမမြင်ဘူးဆိုတဲ့ အကြောင်းလေးပါ။

အဲဒီကိစ္စကို သတ်သတ်ထားပြီး လက်ရှိ အိုလေဦးဆောင်ခွင့် ရနေတဲ့အပိုင်းနဲ့ ပတ်သက်ပြီး ဒီတစ်ခါ တွေးမိတဲ့ အကြောင်းအရာလေးကို ပြောချင်ပါတယ်။

အပေါ်က အကြောင်းအရာရဲ့နောက်ဆက်တွဲလို့ပြောရင် ရသလို မဆိုင်တဲ့အကြောင်းအရာသစ် တစ်ခုလို့ပြောရင်လည်း ရပါတယ်။

ဘာအကြောင်းအရာလဲဆိုတော့ အိုလေဂန်နာဆိုးလ်ရှားဖက်က စွမ်းဆောင်ရည်နဲ့ အသင်းအပေါ် သက်ရောက်မှုအကြောင်း ဖြစ်ပါတယ်။

ဒီအကြောင်းအရာမှာ ဘုတ်အဖွဲ့ရဲ့ထိန်းချုပ်မှုကို လုံးဝမေ့ထားပြီး အိုလေရဲ့နည်းစနစ်ပိုင်းဆိုင်ရာ အတွေးအမြင်နဲ့ လက်ရှိအသင်းမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်တဲ့အရာတွေကိုပဲ ပြောပါမယ်။

ဘုတ်အဖွဲ့ရဲ့ပံ့ပိုးမှု အားနည်းတယ်ဆိုတာ ကျွန်တော်အစောပိုင်းကတည်းက ပြောပြီးသားဖြစ်ပါတယ်။

လိုအပ်တဲ့ နေရာတွေအတွက် လိုအပ်တဲ့ကစားသမားတွေ ဖြည့်တင်းမှုမှာ ဘုတ်အဖွဲ့ရဲ့အားနည်းမှုကလည်း သာမန်ဘောလုံးပရိသတ်တွေတောင် မြင်နေတွေ့နေကြတာမို့ ရှင်းပါတယ်။

ဒါပေမဲ့ နောက်တစ်ဖက်က ကြည့်မယ်ဆိုရင် လက်ရှိအသင်းရဲ့လူစာရင်းက အရမ်းအားနည်းနေသလား။ ဒီလောက် အားမနည်းပါဘူး။

ချန်ပီယံဆုကို စိန်ခေါ်ဖို့ မပြည့်စုံဘူးလို့ဆိုရင် ရတယ်ဆိုပေမယ့် တစ်ခါတစ်ခါ ဖြစ်သွားတတ်တဲ့ ဘောလုံးတောင် ကန်တတ်ရဲ့လားဆိုတဲ့ အခြေအနေနဲ့ ဘယ်လိုမှ မဖြစ်သင့်တဲ့ လူစာရင်းမျိုးပါ။

လက်ရှိ EPL အမှတ်ပေးဇယားမှာ အဆင့်(၆)နဲ့ ချန်ပီယံလိဂ် အုပ်စုကြပ်ထဲမှာ တခြားအသင်းကြီးတွေနဲ့ သူတင်ကိုယ်တင်ကစားပြီး ထွက်ရတဲ့ရလဒ်က မဆိုးပါဘူးလို့ စောဒကတက်လို့ ရပါတယ်။

ဒါပေမဲ့ သူတို့အသင်း ကစားနေတဲ့ ခြေစွမ်းနဲ့ ကစားသမားအစုအဖွဲ့ရဲ့အရည်အသွေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီရလဒ်က ညံ့ဖျင်းလွန်းတယ်လို့ ပြောရပါလိမ့်မယ်။

ကစားသမားတွေက စိတ်မပါလက်မပါ ကစားနေတာကြောင့်လို့ အကြောင်းပြချက် ပေးလို့မရပါဘူး။

ကစားသမား စိတ်ပိုင်းဆိုင်ရာမကောင်းရင် ကောင်းအောင်ပြင်ပြီး ဒီကစားသမားဆီက အကောင်းဆုံး အရည်အသွေးတွေကို ထုတ်ယူရမှာ နည်းပြတာဝန်ပါ။

ဒီကစားသမားတွေက ဘယ်လိုမှ ပြုပြင်လို့မရရင် သူလိုချင်တဲ့ ကစားပုံရဖို့ တခြားလူနဲ့ အစားထိုးရမှာ နည်းပြရဲ့ဦးနှောက်ပါ။

လက်ရှိ အားလုံးလည်း မြင်တွေ့နေတာပဲ။ အသင်းမှာ ပြဿနာရှိနေတာက ပေါ့ဂ်ဘာနဲ့ မာရှယ်။

သူတို့နှစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက တခြားကစားသမားတွေကိုပါ ဒုက္ခပေးနေတဲ့ အခြေအနေအထိ ရောက်လာပါပြီ။

ဒီမှာ တစ်ခုပြောရမှာက ဆိုးလ်ရှားအနေနဲ့ ဒီကစားသမားနှစ်ယောက်ကို ကိုင်တွယ်နေတဲ့ အခြေအနေကလည်း အဆင်မပြေဘူး။

ပေါ့ဂ်ဘာကို ဒဏ်ရာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ Line up မပေးခဲ့သလို တစ်ခါတလေ အရန်စာရင်းမှာတောင် မထားဘဲ ဖယ်ထားခဲ့တယ်။

မာရှယ်ကိုတော့ သိသိသာသာ အမှားများနေတဲ့အပြင် ကြံ့ခိုင်မှုမပြည့်တဲ့ အခြေအနေမှာတောင် အရဲစွန့်နေရာပေးခဲ့လို့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒဏ်ရာထပ်ရသွားခဲ့ပါတယ်။

အခြေခံပြဿနာတူတဲ့ ကစားသမားနှစ်ယောက်ကို ကိုင်တွယ်တဲ့နေရာမှာ ဘာလို့ ညီညီမျှမျှ မဖြစ်တာလဲ။ ဒါက တခြားကစားသမားတွေနဲ့ အသင်းတစ်သင်းလုံးရဲ့စိတ်ပိုင်းဆိုင်ရာ ပြိုကွဲသွားနိုင်တဲ့ အခြေအနေဆိုတာ အားလုံးအသိပါ။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဆိုးလ်ရှား ဘာလို့ဒီလိုကိုင်တွယ်နေလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားကြည့်ရအောင် . . .

ပေါ့ဂ်ဘာဟာ ဆိုးလ်ရှား လူငယ်အသင်း နည်းပြဘဝမှာကတည်းက ရင်းနှီးခဲ့တဲ့ တပည့်ဟောင်းတစ်ယောက်ပါ။

လက်ရှိအနေအထားအရ ပေါ့ဂ်ဘာရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ကုလို့မရတဲ့ အနေအထားဆိုတာလည်း သူနားလည်ပုံရပါတယ်။

နောက် ပေါ့ဂ်ဘာမရှိလည်း အသင်းရဲ့ကစားပုံမှာ ဒီနေရာအတွက် အစားထိုးရမယ့် ကစားသမားတွေများလို့ ပေါ့ဂ်ဘာကို ရောင်းထုတ်ဖို့ စိတ်ဆန္ဒရှိနေတာကို ခန့်မှန်းလို့ရပါတယ်။

ဒါကြောင့်လည်း ပေါ့ဂ်ဘာကို မဖြစ်မနေသုံးသင့်တဲ့ အခြေအနေရောက်မှ ကစားခွင့်ပြုနေတဲ့ပုံစံပါ။

ဒါက မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုလို့ ပြောရင်လည်း မမှားနိုင်ဘူး။

ဒါဆိုရင် မာရှယ်ကျတော့ရော . . .?

ဒီကစားသမားနဲ့ ပတ်သက်ပြီး ဆိုးလ်ရှား ဘာတွေမျှော်လင့်ထားလဲ။

အားလုံးလည်း သိမှာပါ။ ဆိုးလ်ရှား ယူနိုက်တက်မှာ တာဝန်ယူခဲ့ပြီး အစောပိုင်းမှာ မာရှယ်ရဲ့အခြေအနေက တော်တော်အဆင်ပြေတယ်။

ပိုပြီး တိတိကျကျဆိုရရင် ပြီးခဲ့တဲ့ရာသီကအထိ မာရှယ်ကို (#9 Role)လို့ခေါ်တဲ့ အထောင်တိုက်စစ်မှာ နေရာချပြီး ရက်ရ်ှဖို့ဒ်နဲ့ ဂရင်းဝုဒ်ကို တောင်ပံသမားတွေအဖြစ် ထားကစားတဲ့ အခြေအနေက အဲဒီ(၃)ယောက်တိုက်စစ်ကနေ ဂိုးတွေအများကြီး ဖြစ်ခဲ့ပါတယ်။

နောက်ပြီး ဆိုးလ်ရှား တစ်ခါပြောဖူးတာက ရက်ရ်ှဖို့ဒ်+မာရှယ်အတွဲကို တစ်ချိန်က အန်ဒီကိုးလ်+ဒွိုက်ယော့ခ်လိုဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ကိစ္စ။

နောက်ပိုင်းမှာ မနှစ်ကတော့ ဂရင်းဝုဒ် အရမ်းတက်လာပြီး နေရာမပေးလို့ မဖြစ်တော့တဲ့ အနေအထားမှာ သူ့အသင်းကစားပုံကို တိုက်စစ်(၃)ယောက် ပုံစံပြောင်းပြီး အခု သူအများဆုံးသုံးနေတဲ့ (၄-၂-၃-၁)ကို နေရာချခဲ့တာပါ။

အဲဒီမှာ ပြဿနာရှိလာတာက (#10 Role)လို့ခေါ်တဲ့ Playmaker နေရာအတွက် အဆင်ပြေတဲ့ကစားသမား မရှိတာပါ။

အဲဒီတော့ အသင်းကစားပုံမှာ တိုက်စစ်က ဂိုးသာရနေတယ် ကစားပုံက ဘယ်လိုမှ အဆင်တပြေရှိမနေဘဲ တိုက်စစ်က(၃)ယောက် ခြေမှန်ရင် ဂိုးရပြီးနိုင်မယ်၊ ခြေပျက်ရင် ဂိုးမရဘဲရှုံးမယ်။

အဲဒီလို ဖြစ်လာပါတယ်။ ဒါကိုပြုပြင်ဖို့အတွက် ရာသီဝက်မှာ ဘရူနိုဖာနန်ဒက်စ်ကို မရအရခေါ်တယ်။ ရောက်လာတယ်။ ခြေစွမ်းပြတယ်။

တစ်ပြိုင်တည်းမှာပဲ အထောင်တိုက်စစ်က မာရှယ် ခြေစွမ်းပျောက်သွားသလို ဂိုးတွေလည်း ပျောက်သွားတယ်။ ခုချိန်အထိ အဲဒီအတိုင်းပဲ ဖြစ်နေတုန်းပါပဲ။

ဒီပြဿနာရဲ့အရင်းမြစ်ကို ဆန်းစစ်ကြည့်ရင် မာရှယ်ဟာ #9 role မှာ အဆင်ပြေတဲ့အချိန်နဲ့ မပြေတဲ့အချိန်(၂)ခုကို တွေ့ရမှာပါ။

အဆင်မပြေတဲ့အချိန်က သူ့ရဲ့နောက်က #10role ပီပီပြင်ပြင် ကစားတဲ့လူပါလာရင် သူ မကစားတတ်တော့ဘဲ ရှေ့မှာ လူပိုတစ်ယောက်လို ဖြစ်နေတာပါပဲ။

ကျွန်တော် ဒီလိုဖြစ်နိုင်တယ်လို့ တွေးနေတာ ကြာပါပြီ။

ဟိုတလောကတော့ BT Sport ရဲ့သုံးသပ်ချက်မှာ မာရှယ်ရဲ့ Duties Function တွေကို သုံးသပ်တော့ off the ball အခြေအနေတွေမှာ နေရာယူတဲ့ အခြေအနေက ဘရူနိုဖာနန်ဒက်စ်ဆီက ဘောလုံးကို အသုံးချဖို့ အဆင်ပြေတဲ့ အခြေအနေ မဖြစ်သလို တခြား ကစားသမားတွေအတွက် ကွက်လပ်တွေရအောင် နေရာယူထားတဲ့ ပုံစံမဟုတ်ဘဲ through pass တွေက ပြေးထွက်ပြီး ဂိုးသမားနဲ့ 1-1 ဖြစ်မယ့် အခြေအနေကိုပဲ မျှော်လင့်ပြီး နေရာယူထားတဲ့ ပုံစံတွေပဲ ဖြစ်နေပါတယ်။

တကယ်ဆိုရင် ဒီအခြေအနေကို ဆိုးလ်ရှားသိသင့်သလို သိမှာလည်း သေချာပါတယ်။ ဒါပေမဲ့ မပြောင်းလဲဘူး။

ဘာကြောင့်လဲ။ မာရှယ်ကို Line-up ကဖယ်ပြီး ဒီနေရာမှာ ပီပီပြင်ပြင် ကစားနိုင်တဲ့ ကာဗာနီနဲ့ အစ်ဂ်ဟာလိုတို့ကို နေရာပေးလိုက်ပြီး အဆင်ပြေသွားရင် မာရှယ်ဟာ ရက်ရ်ှဖို့ဒ်ရဲ့အရန်ကစားသမား ဖြစ်သွားပါလိမ့်မယ်။

အဲဒါဆိုရင် မာရှယ်ရဲ့အရင်အကောင်းဆုံးပုံစံက ပြန်ရဖို့ မဖြစ်နိုင်တော့ဘဲ မဖြစ်မနေ စွန့်ပစ်ရတော့မယ့် အခြေအနေဖြစ်လို့ပါ။

ဆိုးလ်ရှားအနေနဲ့ အရင်ကပြောခဲ့တဲ့ မာရှယ်+ရက်ရ်ှဖို့ဒ်အတွဲကို ပုံသွင်းဖို့ဆိုရင် မာရှယ်အနေနဲ့ ဒီကစားပုံမှာပဲ #9role ကို ပီပီပြင်ပြင် ကစားနိုင်မှပဲ ဖြစ်မှာပါ။

ပြောရရင် မာရှယ်ကိုယ်တိုင် သူ့အတွေးအယူအဆတွေ အကုန်လုံးကို ပြောင်းလဲပြီး ကစားနိုင်မှ ဆိုးလ်ရှားလိုချင်တဲ့ #9 ကစားသမား ဖြစ်လာမှာပါ။

တကယ်တော့ ယူနိုက်တက်မှာ ကာဗာနီရော အစ်ဂ်ဟာလိုရောက ဒီနေရာကို ပီပီပြင်ပြင်ဆိုတာထက် ပိုပြီးကစားနိုင်ကြပါတယ်။

လက်ရှိအနေအထားအရဆိုရင် မာရှယ်ဟာ သူ့ဆရာချပေးတဲ့ လမ်းကြောင်းကို လိုက်မယ့်အခြေအနေ မရှိသလို သူ့ကစားပုံနဲ့ အယူအဆကိုလည်း ပြောင်းမယ့်သဘော မတွေ့ရပါဘူး။

ဒါကို ဆိုးလ်ရှားအနေနဲ့ ပီပီပြင်ပြင် သဘောပေါက်ဖို့ လိုနေပါပြီ။

ပြီးခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ပွဲမှာ (၃-ဝ) ဖြစ်နေတဲ့အချိန်မှာတောင် အရန်ခုံမှာရှိနေတဲ့ အစ်ဂ်ဟာလိုကိုသုံးပြီး တိုက်စစ်အားမြှင့်ဖို့ မဖြစ်မနေ လိုတာတောင်မှ မပြောင်းလဲဘဲ တိုက်ရိုက်လူစားလဲတာတွေကိုပဲ လုပ်နေတာကိုကြည့်ရင် ဆိုးလ်ရှားဟာ သူစိတ်ကူးယဉ်ထားတဲ့ ကိစ္စတွေကိုလုပ်ရင် Coming Back ဖြစ်မယ်ဆိုတဲ့ အတ္တကို မြင်ရပါတယ်။

အသင်းရလဒ်ဆိုးတိုင်း နည်းပြထုတ်ဖို့ ပြောနေကြတဲ့လူတွေထဲမှာ ကျွန်တော်ဘယ်တုန်းကမှ မပါခဲ့သလို ယူနိုက်တက် ရလဒ်ဆိုးတွေရတဲ့အချိန်မှာ ‘ဆိုးလ်ရှား . . . out’ ဆိုတာ ယူနိုက်တက်အတွက် ပိုကောင်းမယ်လို့လည်း မထင်ခဲ့သူပါ။

ဒါပေမဲ့ အခုပုံအတိုင်းဆိုရင် ဆိုးလ်ရှားအနေနဲ့ သူ့စိတ်ကူးယဉ်သလို ဖြစ်လာဖို့ သူ့အတ္တနဲ့ တည်ဆောက်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ မတောင်းဆိုလည်း မဖြစ်မနေ Out ရတော့တဲ့ အခြေအနေ ရောက်သွားတော့မှာပါ . . .

Facebook Comments Box
Facebook Comment