စာချုပ်သက်တမ်းတိုးရန် မက်ဆီ လုပ်ခလျှော့ယူရမည်ဟု ဘာကာဥက္ကဌလောင်း ပြောကြား

ဘာစီလိုနာဥက္ကဌလောင်း တိုနီဖရိုင်ဆာက လီယွန်နယ်မက်ဆီအနေဖြင့် လက်ရှိ စာချုပ်ကို သက်တမ်းတိုးရန်အတွက် လုပ်ခလျှော့ယူရမည် ဖြစ်ကြောင်း သတိပေး ပြောကြားလိုက်သည်။ မက်ဆီသည်  ဩဂုတ်လတုန်းက ဘိုင်ယန်ကို ၈-၂ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် အသင်း ပြောင်းခွင့် တောင်းခဲ့ဖူးသူဖြစ်ပြီး သူ့အနာဂတ်မှာ မရေမရာ ဖြစ်နေဆဲ ဖြစ်သည်။

ရွှေဘောလုံးဆု ခြောက်ကြိမ်ရ မက်ဆီသည် ယခုရာသီအကုန်တွင် ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး နွေရာသီတုန်းက မန်စီးတီးသို့ ပြောင်းလုနီးပါး ဖြစ်ခဲ့သည်။

သို့ရာတွင် ဘာစီလိုနာနှင့် လာလီဂါတို့က မက်ဆီအနေဖြင့် အသင်းမှ ထွက်ခွာလိုလျှင် စာချုပ်ပါ အချက်အတိုင်း ယူရို သန်း ၇၀၀ ပေးရမည်ဟု ပြောကြားမှုကြောင့် ကစားသမားမှာ နျူးကမ့်တွင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့ရသည်။

လက်ရှိအချိန်တွင် ဘာစီလိုနာသည် ကြွေးမြီ ပေါင်သန်း ၇၀၀ ကျော်တင်လျက်ရှိပြီး လုပ်ခ ပေါင် ၁ ဘီလီယံကျော်ကို လျှော့ချရန် လိုအပ်နေသည်။

ဘာစီလိုနာသည် နိုဝင်ဘာလ ၅ ရက်နေ့တုန်းက ဘာစီလိုနာကစားသမားများ၏ ရှေ့နေနှင့် လု်ပခလျှော့ချရေး ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ အဆင်ပြေမှု မရရှိခဲ့ဘဲ ဆွေးနွေးမှု ကာလအား တစ်ပတ်တိုးထားသည်။ ဘာစီလိုနာအနေဖြင့် လာမည့် ဇန်နဝါရီလမတိုင်မီ အသင်းလုပ်ခကို မလျှော့ချပါက ဒေဝါလီခံရမည့် အခြေအနေမျိုးနှင့်ပင် ကြုံလာရနိုင်သည်။

ယခုအခါ ဘာစီလိုနာဥက္ကဌလောင်းဖရိုင်ဆာက “လီယို(မက်ဆီ)နဲ့ပတ်သက်လာရင် ကျွန်တော်တို့ စိတ်အေးအေးထားပြီး ပြောရပါမယ်။ သူအပါအဝင် စာချုပ်သစ်ချုပ်ဆိုမယ့် ကစားသမားအားလုံး ကျွန်တေ်တို့ ကမ်းလှမ်းတဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ကမ်းလှမ်းမှုကို လက်ခံရပါမယ်။ ကလပ်ရဲ့ ဝင်ငွေက ကျဆင်းနေတော့ ကမ်းလှမ်းမှုက သူ အခု ရရှိနေတာနဲ့ ကွဲပြားလာမှာပါ။ အရေးအကြီးဆုံးကတော့ ကလပ်နဲ့ မက်ဆီတို့ ရှေ့ဆိုင်တွေ့ပြီး သူ့ဘက်ကိုယ့်ဘက် လိုချင်တာပြောပြီး ညှိနှိုင်းရပါမယ်။ မက်ဆီမှာ လုပ်ပြနိုင်တာအများကြီး ရှိနေသေးတယ်လို့ ထင်ပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment