စာချုပ်ဖျက်သိမ်းကြေး မချုပ်ဆိုထား၍ ဟာလန်းအား လက်လွှတ်ရမည်ကို ဒေါ့မွန် စိုးရိမ်နေ

ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်သည် နော်ဝေတိုက်စစ်မှူး အာလင်းဟာလန်း၏ စာချုပ်ထဲတွင် စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းမချုပ်ဆိုထား၍ ၎င်းအား လက်လွှတ်ဆုံးရှုံးရမည်ကို စိုးရိမ်လျက်ရှိသည်။

အသက် ၂၀ အရွယ် ဟာလန်းသည် ယခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့တွင် ဆဲလ်ဘတ်မှ ဒေါ့မွန်သို့ ယူရို သန်း ၂၀ ဖြင့် ပြောင်းရွှေ့လာပြီးနောက် ၂၀၁၉- ၂၀၂၀ ရာသီက ဘွန်ဒက်စ်လီဂါ ၁၃ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၁၈ ပွဲ တွင် ၁၆ ဂိုး သွင်းနိုင်ခဲ့သည်။

ဟာလန်းသည် ဒေါ့မွန်သို့ မပြောင်းရွှေ့မီ မန်ချက်စတာ ယူနိုက်တက်သို့ ရောက်ရှိရန် အလွန်နီးစပ်ခဲ့ပြီးမှ ဘွန်ဒက်စ်လီဂါ ကလပ်သို့ မထင်မှတ်ဘဲ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

၎င်းသည် ယခုရာသီတွင် ဘွန်ဒက်စ်လီဂါ ၅ ဂိုးအပါ ပြိုင်ပွဲစုံ ၁၀ ပွဲတွင် ၁၀ ဂိုးအထိ သွင်းယူထားပြီး စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းမချုပ်ဆိုထား၍ အသင်းကြီးများက ပြောင်းရွှေ့ကြေး အများအပြားဖြင့် ကမ်းလှမ်းလာပါက ဒေါ့မွန်အတွက် ငြင်းဆိုရန် ခက်ခဲမည့် အနေအထား ဖြစ်သည်။

ဟာလန်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ဒေါ့မွန်နှင့် စာချုပ်ထားသော်လည်း စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းထားခြင်း မရှိကြောင်း ဒေါ့မွန် အမှုဆောင် အရာရှိချုပ် ဝက်ဇ်ကီက အတည်ပြုသည်။

ထို့ကြောင့် မန်ချက်စတာ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်တို့သည် အဆိုပါ အားနည်းချက်ကို ကိုင်စွဲ၍ လာမည့် ဇန်နဝါရီတွင် ခေါ်ယူရန် ကြိုးစားဖွယ်ရှိနေသည်။

ဝက်ဇ်ကီက ၂၀၂၁ ခုနှစ်အတွင်း ဟာလန်း၏ စာချုပ်ထဲတွင် စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပြောသည်။

Ref:Bild

Facebook Comments Box
Facebook Comment