စပီဇီယာနှင့် လူစာရင်းတွင် COVID-19 ပျောက်ကင်းလာသော ရော်နယ်ဒို ပြန်ပါလာ

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုသည် မနက်ဖြန် စပီဇီယာနှင့် ကစားမည့် စီးရီးအေ ပွဲစဉ် ၆ အတွက် ကစားသမား ၂၀ ဦးစာရင်း ရွေးချယ်ထားရာ COVID-19 ပျောက်ကင်းသည်က ရက်ပိုင်းသာရှိသေးသူ တိုက်စစ်မှူး ရော်နယ်ဒိုကို ပြန်လည် ရွေးချယ်ထားသည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုသည် အောက်တိုဘာ ဒုတိယပတ်အတွင်း ပေါ်တူဂီအ သင်းအတွက် နေးရှင်းလိဂ်ပွဲစဉ် ကစားပေးရန်အတွက် လစ္စဘွန်းသို့ ရောက်နေစဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် ပေါ်တူဂီမှ အီတလီသို့ သီးသန့်လေယာဉ်ဖြင့် ပြန်လာကာ တူရင်ရှိ နေအိမ်တွင် ၁၉ ရက်ကြာ ကွာရန်တင်း ဝင်ပြီးနောက် ယမန်နေ့က တတိယအကြိမ် ဆေးစစ်ခဲ့ ရာ Negative အဖြေ ထွက်ခဲ့သောကြောင့် သီးသန့်ခွဲခြား နေထိုင်ခြင်းကို ဖျက်သိမ်းခဲ့သည်။

မူလက ၎င်း၏ ကြံ့ခိုင်မှု အခြေအနေကြောင့် စပီဇီယာနှင့်ပွဲအား လွဲချော်ဖွယ် ရှိနေသည်ဟု သတင်းထွက်ခဲ့သော်လည်း ယနေ့ထုတ်ပြန်သည့် လူစာရင်းတွင် ပြန်လည် ပါဝင်လာခြင်း ဖြစ်သည်။

ဂျူဗင်တပ်စ်သည် ရော်နယ်ဒို မပါနိုင်သော ပွဲစဉ်များတွင် ရလဒ်ကောင်းရရန် ရုန်းကန် ခဲ့ရပြီး ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးခဲ့သည်။ စီးရီးအေ ပွဲစဉ် ၅ အပြီး ဂျူဗင်တပ်စ်က အဆင့် ၅၊ စပီဇီယာက အဆင့် ၁၄ နေရာတွင် ရပ်တည်နေသည်။

ဂျူဗင်တပ်စ် လူစာရင်း

ဂိုး – ဘူဖွန်၊ ဆက်ဇနီ၊ ပင်ဆိုဂလီယို

နောက် – ဒါနီလို၊ ကွာဒရာဒို၊ ဘိုနူချီ၊ ဒီမီရယ်၊ ဖရာဘော့တာ

လယ် – အာသာ၊ ရမ်ဆေး၊ မက်ကန်နီး၊ ချီယေဆာ၊ ရာဘီရော့တ်၊ ဘန်တန်ကာ၊ ဘာနာဒက်စခီ၊ ပေါ်တာနိုဗာ၊ ကူလူဆက်ဗ်စကီး

ရှေ့ – ရော်နယ်ဒို၊ ဒီဘာလာ၊ မိုရာတာ

Ref:juventus

Facebook Comments Box
Facebook Comment