စပိန်၏ခေတ်သစ်တစ်ခုအစအတွက် အပြောင်းအလဲများ လုပ်လာသည့် စပိန်နည်းပြလူးဝစ်အန်းနရစ်

စပိန်နည်းပြလူးဝစ်အန်းနရစ်သည် လာမည့်လတွင် ဂျာမနီ၊ ယူကရိန်းတို့နှင့်ကစားမည့် ပွဲအတွက် စပိန်အသင်းလူစာရင်းကို ကြေညာခဲ့ရာ ကစားသမားသစ် ၇ ဦးအထိ ရွေးချယ်လာသည်။ ဘာစီလိုနာနည်းပြဟောင်းလူးဝစ်အန်းနရစ်သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် စပိန်အသင်းနည်းပြရာထူးကို ပြန်လည်ရယူပြီးနောက် ပထမအဖြစ် စပိန်အသင်းကို ပြန်လည်ဦးဆောင်သွားတော့မှာဖြစ်သည်။ သူသည် လာမည့်လတွင် ကစားရမည့် UEFA Nations League နှစ်ပွဲအတွက် ကစားသမား ၂၄ ဦးစာရင်းကို ထုတ်ပြနခဲ့တာပါ။ လူးဝစ်အန်းနရစ်၏စပိန်လူစာရင်းတွင် ဘာစီလိုနာစတားအန်ဆူးဖာတီလည်း ပါဝင်လာပြီး ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

အသက် ၁၇ နှစ်ရှိ ဖာတီသည် ပြီးခဲ့သည့် ရာသီတုန်းက ဘာစီလိုနာစီနီယာအသင်းအတွက် စတင်ကစားခွင့်ရရှိလာခဲ့သူလည်းဖြစ်သည်။ ဒါ့အပြင် စပိန်အသင်းတွင် မျက်နှာသစ်ကစားသမားသစ်များအဖြစ် မန်စီးတီးတောင်ပံကစားသမားသစ်ဖာရန် တောရက်စ်၊ အေဒါမားထရာအိုရီ၊ အူနိုင်းဆိုင်မွန်၊ အဲရစ်ဂါစီယာ၊ မီခေးလ်မီရီနိုနှင့်အော်စကာရိုဒရီဂွက်ဇ်တို့ ပါဝင်လာသည်။ ယင်းကစားသမားများထဲမှ ဖာတီနှင့်တောရက်စ်တို့မှာ စက်တင်ဘာလနိုင်ငံတကာပွဲများတွင် ပါဝင်ကစားခွင့်ရရှိရန် အလွန်နီးစပ်နေကြသည်။

အခြားတစ်ဖက်မှာ စပိန်နည်းပြအန်းနရစ်သည် ဂျော်ဒီအယ်လ်ဘာ၊ ဆောလ်နီဂွက်ဇ်၊ ရာအူးလ်အယ်လ်ဘီယိုတို့ကို ချန်လှပ်ထားခဲ့ရာ စပိန်အသင်းကို အကြီးအကျယ်အပြောင်းအလဲများ ပြုလုပ်လာရန် သေချာနေသည်။ သို့ရာတွင် အန်းနရစ်သည် ဂျာမနီ၊ ယူကရိန်းတို့ပွဲစဉ်များတွင် သူ၏အမာခံကစားသမားများဖြစ်ကြသည့် မန်ယူဂိုးသမားဒီဂီယာ၊ အသင်းခေါင်းဆောင်ရာမို့စ်၊ ညာနောက်ခံလူဒါနီကာဗာဂျယ်တို့မှာမူ ဆက်လက်ပွဲထွက်လာရှိနေသည်။ အန်းနရစ်သည် အယ်လ်ဘီယိုနှင့်အယ်လ်ဘာတို့၏နေရာတွင် စပိန်အတွက် တစ်ပွဲကစားထားသည့် ပေါလ်တောရက်စ်နှင့် စပိန်အတွက်ကစားဖူးခြင်းမရှိသည့် ဆာဂျီယိုရီဂူလွန်တို့ကို အစားထိုးလာနိုင်သည်။

ကွင်းလယ်တွင် ဘာစီလိုနာကွင်းလယ်လူဘက်စ်ကွက်နှင့် ဘိုင်ယန်ကွင်းလယ်လူတီယာဂိုတို့ကို ဆက်သုံးသွားရန် သေချာနေပြီး နီဂွက်ဇ်၏နေရာအတွက် ဒါနီအိုလ်မိုနှင့်ဖေဘီယန်ရုဇ်တို့ တိုက်ပွဲဝင်ရဖွယ်ရှိသည်။ အန်းနရစ်သည် တိုက်စစ်တွင် မိုရာတာနှင့် အယ်လ်ကာစာတို့ကို ချန်လှပ်ထားခဲ့ရာ ဖာတီ၊ တောရက်စ် အိုယာဇာဘယ်တို့ထဲမှ နှစ်ဦးကို ရိုဒရီဂိုမိုရီနိုနှင့်တွဲသုံးသွားဖို့ရှိပါတယ်။ စပိန်သည် စက်တင်ဘာလ ၃ ရက်နေ့တွင် စတုဂတ်၌ ဂျာမနီနှင့်လည်းကောင်း၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အက်စ်တာဒီယိုအယ်ဖရီဒိုဒီစတီဖာနိုကွင်းတွင် ယူကရိန်းနှင့်လည်းကောင်း ရင်ဆိုင်ကစားရမည်။

စပိန်အသင်းလူစာရင်း

ဂိုး – ဒီဂီယာ၊ ကီပါ၊ အူနိုင်းဆိုင်မွန်

နောက်တန်း – ဂျီးဆပ်စ်နာဗက်စ်၊ ကာဗာဂျယ်၊ ရာမို့စ်၊ ပေါလ်တောရက်စ်၊ ဒီယေဂိုလိုရန်တီ၊ ဂါယာ၊ ရီဂူလွန်၊ အဲရစ်ဂါစီယာ

အလယ်တန်း – ဖေဘီယန်၊ ဘက်စ်ကွက်၊ ရိုဒရီ၊ မီရီနို၊ ဒါနီအိုလ်မို၊ အော်စကာရိုဒရီဂွက်ဇ်

ရှေ့တန်း – ရိုဒရီဂို၊ အိုယာဇာဘယ်၊ အေဒါမာထရာအိုရီ၊ အဆန်စီယို၊ အန်ဆူးဖာတီ၊ ဖာရန်တောရက်စ်

Ref: football-espana

Facebook Comments Box
Facebook Comment