
စပိန်သမိုင်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်လာသည့် ဖာတီ
အန်ဖူးဖာတီသည် စပိန်လက်ရွေးစင်အသင်းသမိုင်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့သည်။ သူသည် တနင်္ဂနွေနေ့တုန်းက မက်ဒရစ်တွင် ယူကရိန်းအား ၄-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲ၏ပထမပိုင်းတွင် စပိန်အတွက် တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့သည်။
ယင်းသွင်းဂိုးကြောင့် ဖာတီသည် အသက် ၁၇ နှစ်နှင့် ၃၁၁ ရက်ဖြင့် စပိန်အတွက် အသက်အငယ်ဆုံး ဂိုးသွင်းယူသူဖြစ်လာခဲ့သည်။ သူသည် ၁၉၂၅ ခုနှစ်တုန်းက ဂျူအန်အာရာကွင်း တင်ခဲ့သည့်စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အာရာကွင်းသည် အသက် ၁၈ နှစ်နှင့် ၃၄၄ ရက်ဖြင့် ဆွစ်ဇာလန်နှင့်ပွဲတွင် သုံးဂိုးသွင်းယူကာ စပိန်အတွက် အသက်အငယ်ဆုံး ဂိုးသွင်းယူသူအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။

ဖာတီသည် ပြီးခဲ့သည့်ကြာသပတေးနေ့တုန်းက ဂျာမနီနှင့်တစ်ဂိုးစီသရေကျသည့်ပွဲ တွင် စပိန်အသင်းအတွက် ပထမဆုံးပွဲကို ကစားခွင့်ရခဲ့သူဖြစ်ပြီး စပိန်အတွက် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူများစာရင်းတွင် ပါဝင်နေသူဖြစ်သည်။
စပိန်နည်းပြလူးဝစ်အန်းနရစ်က “လူရွေးကတည်းက အသက်ကို မကြည့်ပါဘူး။ သူ အသက်ငယ်လို့ သူ့ခြေစွမ်းဆိုးတာ၊ အမှားတွေလုပ်တာကို ကျွန်တော်တို့ နားလည်မှု ပေးနိုင်ပါတယ်။ ဒါတွေက သူ့သင်ကြားမှုတွေရဲ့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက ပုံမှန် မဟုတ်ပါဘူး။ အန်ဆူးဖာတီ အရမ်းပျော်နေတယ်။ အကြောင်းပြချက်တွေကလည်း ရှိနေပါတယ်။ သူ့အသက်က ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ရင့်ကျက်ဖို့လိုသေးတယ်။ ဒါပေမယ့် သူ့ရဲ့စပိန်အတွက် ဒုတိယပွဲမှာ အားလုံး လုပ်ပြသွားပါတယ်။ သူအလုပ်ကြိုးစားတယ်။ နိမ့်ချပြီးနေ တယ်။ လေ့ကျင့်ခန်းကောင်းကောင်းလုပ်တယ်။ ဒီအပျော်တွေနဲ့ သူ အိမ်ပြန်နိုင်လို့ ဝမ်းသာပါတယ်”ဟု ပြောကြားသွားသည်။

ဂီနီဘစ်ဆူဖွား တောင်ပံကစားသမားသည် အသက် ၁၀ နှစ်အရွယ်တွင် ဘာစီလိုနာ အကယ်ဒမီသို့ ရောက်ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ဘာစီလိုနာအတွက် ပထမဆုံးပွဲကို ကစားခွင့်ရခဲ့သည်။ သူသည် ပွဲကစားခွင့်ရပြီး နောက်တစ်ပတ်တွင် အိုဘာဆူနာနှင့်ပွဲမှာ ဂိုးသွင်းယူနိုင်ပြီးနောက် ဘာစီလိုနာသမိုင်းတွင် အသက်အငယ်ဆုံးဂိုးသွင်းယူသူဖြစ်လာခဲ့သည်။ သူသည် ၂၀၁၉-၂၀ ရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၃ ပွဲကစားခွင့်ရခဲ့ကာ ၈ ဂိုးသွင်းနိုင်ခဲ့သည်။