စပါးနှင့် ဆွေးနွေးနေသည့် ဂါရတ်ဘေးလ်ကို ခေါ်ယူရန် မန်ယူ ကြိုးစားနေဆဲ

မန်ယူအသင်းသည် စပါးသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည့် ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူခွင့်ရနိုင်ရေးအတွက် နောက်ဆုံးအချိန်အထိ ကြိုးစားသွားမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

၂၀၁၃ ခုနှစ်တွင် စပါးမှ ရီးရဲလ်သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ ဒသမ ၃ သန်းဖြင့် ပြောင်းရွှေ့ခဲ့သော အသက် ၃၁ နှစ်အရွယ် ဘေးလ်သည် ရီးရဲလ်နည်းပြ ဇီဒန်းနှင့် ဆက်ဆံရေး အေးစက်လျက်ရှိပြီး ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ရန် စိတ်အားထက်သန်လျက်ရှိသည်။

ယမန်နေ့က ဂီတာဖေးအား ၆ ဂိုးပြတ်အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် ဇီဒန်းသည် ဘေးလ်ကို ကြံ့ခိုင်မှု အကြောင်းပြချက်ဖြင့် အသင်းလူစာရင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိရာ ဝေးလ်စ် တောင်ပံလူက ပွဲပြီးသည်အထိ စောင့်ကြည်ြ့ခင်းမရှိဘဲ ပထမပိုင်း ၂၇ မိနစ်အရောက်မှာပင် ကားမောင်းပြန်သွားခဲ့သည်။

ထို့ကြောင့် ဘေးလ်မှာ ဘာနေဗျူးအခြေစိုက်ကလပ်အား စွန့်ခွာတော့မည်ဆိုသော သတင်းများကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။

အဆိုပါဖြစ်ရပ် ပေါ်ပေါက်လာပြီးနောက် ဘေးလ်၏အေးဂျင့် ဂျိုနသန်ဘားနတ်က စပါးအသင်း နှင့် ဆွေးနွေးနေသည်ဟု အတည်ပြုထားသည်။

အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် အဓိကအခက်အခဲ ဖြစ်နေသည်က ဘေးလ်၏ တစ်ပတ်လစာ ပေါင် ၅ သိန်းဖြစ်ပြီး စပါးက ပေါင် ၂ သိန်းခွဲသာ ပေးချေလိုနေသည်။

ဒေးလီးမေးလ်၏ ဖော်ပြချက်အရ ရီးရဲလ်သည် အသင်းတွင် မလိုအပ်တော့သည့် ဘေးလ်၏လစာငွေတစ်ဝက်ကို ပေးချေသွားမည်ဖြစ်ပြီး ကျန်တစ်ဝက်ကို စပါးဘက်မှ ကျခံမည်ဟု သိရသည်။

စပါးဥက္ကဋ္ဌ လီဗိုင်းကလည်း ဘေးလ်ကို အဌား သို့မဟုတ် အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားထားသည်။

ထိုအချိန်တွင် မန်ယူအသင်းက ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ဘေးလ်ကို ခေါ်ယူခွင့်ရနိုင်ရန် နောက်ဆုံးအချိန်အထိ ကြိုးစားသွားမည်ဆိုသည့် သတင်းထွက်လာခြင်းဖြစ်သည်။

မန်ယူ၏ ဦးစားပေးပစ်မှတ်က ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဖြစ်သော်လည်း ဘွန်ဒက်စ်လီဂါကလပ်က ၎င်းအတွက် ပေါင် သန်း ၁၁၀ ရမှသာ လက်လွှတ်ခံမည်ဟု အကြောင်းပြန်ထားသောကြောင့် ၎င်းအစား ဘေးလ်ကိုခေါ်ယူရန် မျက်စိကျလာခြင်းဖြစ်သည်။

Ref:dailymail

Facebook Comments Box
Facebook Comment