စပါးနောက်ခံလူသစ် ဒိုဟာတီ COVID-19 ကူးစက်ခံရ

ပရီးမီးယားလိဂ် ထိပ်သီးကလပ် စပါးအသင်းမှ အိုင်ယာလန် နောက်ခံလူ မတ်ဒိုဟာတီသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID- 19) ကူးစက်ခံထားရကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၂၈ နှစ်အရွယ် ဒိုဟာတီသည် ယခုနှစ် ဘောလုံးရာသီ မစမီ ဝုဗ်မှ မဖော်ပြသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် စပါးသို့ ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ် ၆ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားထားသည်။

၎င်းသည် အိုင်ယာလန်အသင်းနှင့် နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် ရောက်ရှိနေစဉ် အခြားကစားသမား ၃ ဦးနှင့်အတူ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းဖြစ်သည်။

အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ်သည် ဝေးလ်စ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယနေ့မွန်းလွဲပိုင်းက ကစားသမားများအား ဆေးစစ်ခဲ့ရာ ဒိုဟာတီနှင့် ကွင်းလယ်လူ ဂျိမ်းစ်မက်လင်းတို့ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။

လွန်ခဲ့သည့် ရက်ပိုင်းက ကွင်းလယ်လူ အလန်ဘရောင်းနှင့် တိုက်စစ်မှူး ကလမ်ရော်ဘင်ဆင်တို့လည်း ကူးစက်ခံထားရသောကြောင့် တစ်ပတ်အတွင်း အိုင်ယာလန်အသင်းမှ ကစားသမား ၄ ဦးအထိ ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။

ဂျိမ်းစ်မက်လင်းသည် ဝေးလ်စ်နှင့်ပွဲတွင် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သော်လည်း ယခုအခါ ဒိုဟာတီနှင့်အတူ သီးသန့်ခွဲခြား နေထိုင်လျက်ရှိ သည်ဟု အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ်က အတည်ပြုသည်။

ထို့ကြောင့် COVID-19 ကူးစက်ခံထားရသော အိုင်ယာလန် ကစားသမား ၄ ဦးသည် ဗုဒ္ဓဟူးညတွင် ဘူလ်ဂေးရီးယားနှင့် ကစားရမည့် နေးရှင်းလိဂ်ပွဲစဉ်နှင့် လွဲချော်ရမည်ဖြစ်သည်။

Ref:irishexaminer

Facebook Comments Box
Facebook Comment