စပါးဆီ ကစားသမားတွေမရောင်းဖို့ တားမြစ်ထားတဲ့ အေဘရာမိုဗစ်ချ်

ဘောလုံးလောကတွင် တစ်မြို့တည်းသားချင်း တွေ့ဆုံသောပွဲများသည် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်များအဖြစ် သတ်မှတ်ခံထားရသည်။ အချို့က တစ်မြို့တည်းသားချင်း မဟုတ်သော်လည်း အစဉ်အလာ ပြိုင် ဘက်များအဖြစ်လည်း ပြိုင်ဆိုင်မှုက ပြင်းထန်ကြသည်။

အင်္ဂလန်တွင်လည်း လန်ဒန်ဒါဘီပွဲစဉ် အများအပြားရှိသည့်အနက် ချဲလ်ဆီးနှင့် စပါးတို့၏ အနောက်မြောက် လန်ဒန်ဒါဘီက ပြိုင်ဆိုင်မှုကြီးမားသည့် ဒါဘီပွဲစဉ်တစ်ခု ဖြစ်သည်။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ကာလ်တန်ကိုးလ်းက ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် ခါးသီး မြို့ခံပြိုင်ဘက် စပါးအသင်းသို့ ကစားသမားများ ရောင်းချမှုကို တားမြစ်ထားကြောင်း ပြောကြားလိုက်သည်။

ရုရှားဘီလျံနာ မိုဗစ်ချ်သည် ၂၀၀၃ ခုနှစ်တွင် ချဲလ်ဆီးကို ဝယ်ယူပြီးနောက် ထိပ်သီးအသင်းကြီး ဖြစ်လာရန် ငွေကြေးများစွာ သုံးစွဲခဲ့ပြီး ကမ္ဘာကျော် ကစားသမားများအား ခေါ်ယူခဲ့သည်။

သို့သော်လည်း ၎င်းသည် လန်ဒန်ပြိုင်ဘက် စပါးသို့ ချဲလ်ဆီးကစားသမားများ သွားရောက်ကစားခြင်းကိုမူ ပြင်းပြင်းထန်ထန် တားမြစ်ထားသည်ဟု ၂၀၁၈ တွင် ဘောလုံးသမားဘဝကို ကျောခိုင်းခဲ့သော အသက် ၃၇ နှစ်အရွယ် ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ကာလ်တန်ကိုးလ်က ပြောသည်။

ချဲလ်ဆီးအကယ်ဒမီထွက် ကာလ်တန်ကိုးလ်သည် ၂၀၀၁ တွင် ချဲလ်ဆီးအသင်းကြီးအတွက် စတင်ပွဲထွက် ခွင့်ရခဲ့ပြီး ၂၀၀၆ တွင် လန်ဒန်မြို့ခံပြိုင် ဝက်စ်ဟမ်းသို့မပြောင်းမီအထိ ပြိုင်ပွဲစုံ ၃၁ ကစားကာ ၈ ဂိုးသွင်းခဲ့ သည်။

အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၇ ပွဲကစားဖူးသော ၎င်းသည် ချဲလ်ဆီးတွင်ရှိနေစဉ် စပါးသို့ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ပြီး မိုဗစ်ချ်၏ တားမြစ်မှုကြောင့် မပြောင်းဖြစ်ခဲ့ဟု ကာလ်တန်ကိုးလ်က ဆိုသည်။

“ကျွန်တော် စပါးကို ပြောင်းရွှေ့လုနီးနီး ဖြစ်ခဲ့တယ်။ ဆေးစစ်တာတွေ အရာအားလုံး လုပ်ပြီးသွားပြီ။ အေ ဘရာမိုဗစ်ချ်လည်း သိသွားတော့ မင်းပြန်လာခဲ့။ သူတို့နဲ့ မပူးပေါင်းနဲ့။ စပါးကို မသွားနဲ့… ငါ သူတို့နဲ့ အလုပ်မလုပ်ဘူး” ဟု ကာလ်တန်ကိုးလ်းက စပါးအပေါ် မိုဗစ်ချ်၏ သဘောထားကို ပြောပြသည်။

ချဲလ်ဆီးအား မိုဗစ်ချ်ဝယ်ယူသည့် ၂၀၀၃ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စပါးသို့ ပြောင်းခဲ့သော တစ်ဦး တည်းသော ချဲလ်ဆီးကစားသမားက အီတလီဂိုးသမား ကူဒီချီနီဖြစ်ပြီး ၂၀၀၉ တွင် မြို့ခံပြိုင်ဘက် စပါးသို့ အလွတ်ပြောင်းရွှေ့ခဲ့သည်။

လက်ရှိတွင် အသက် ၄၆ နှစ်အရွယ် ကူဒီချီနီသည် ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်၏ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် ဆောင်ရွက်နေသည်။

Ref:dailymail

Facebook Comments Box
Facebook Comment