စပါးစ်မှာ အခြားဥရောပလိဂ်များတွင် ချန်ပီယံဖြစ်နိုင်ကြောင်း မော်ရင်ဟို ပြောကြား

စပါးစ်နည်းပြဟိုဆေးမော်ရင်ဟိုက စပါးစ်မှာ ဥရောပတလွှား အခြားလိဂ်များတွင် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်သော်လည်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေးမှာ ခက်ခဲနေကြောင်း ပြောကြားလိုက်သည်။

စပါးစ်သည် တနင်္ဂနွေနေ့တုန်းက ဝက်စ်ဘရွန်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။ စပါးစ်သည် နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၃ ပွဲဆက်တိုက် အနိုင်ရရှိထားသည်။ ယင်းသို့အနေအထားကြောင့် စပါးစ်မှာ ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်သည့်အသင်းများတွင် ပါဝင်လာသည်။

သို့ရာတွင် မော်ရင်ဟိုက “ဒီအသင်းက ဥရောပနိုင်ငံ တော်တော်များများမှာ ချန်ပီယံ ဖြစ်နိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ဖြစ်ဖို့ အရမ်းခက်ခဲတယ်။ ပရီးမီးယားလိဂ်မှာ ရာသီ ကောင်းတစ်ခု ကြုံနိုင်တယ်။ အမှတ်အများကြီးလည်း ရနိုင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ လက်စတာ၊ အာဆင်နယ်တို့ဘဲ ချန်ပီယံဖြစ်သွားလိမ့်မယ်။ ဒီတော့ ခင်ဗျားဟာ ရာသီကောင်းတစ်ခု ကြုံနိုင်ပေမယ့် ချန်ပီယံတော့ မဖြစ်နိုင်ဘူး။ ဒီတော့ ကျွန်တော်တို့ ဘာများ တတ်နိုင်မှာလဲ။ ကျွန်တော်တို့ တစ်ပွဲချင်းစီ သွားမယ်။ အနိုင်ရအောင် ကြိုးစားမယ်။ အခြားအသင်းတွေကို ဂရုမစိုက်ဘူး”ဟု ပြောကြားသွားသည်။

စပါးစ်သည် ဝက်စ်ဘရွန်းနှင့် ပွဲစဉ်တွင် ဟယ်ရီကိန်း၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဂိုးမှာ အင်္ဂလန်နှင့် စပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်း၏ ပရီးမီးယားလိဂ် ၁၅၀ မြောက်ဂိုးလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment