စပါးစ်နှင့် ပွဲစဉ်တွင် အဂူရို၊ ဖာနန်ဒင်ဟိုနှင့် စတာလင်းတို့ ပါဝင်လာနိုင်ဖွယ်ရှိ

မန်စီးတီး၏ အဓိကကစားသမားများ ဖြစ်ကြသည့် ဆာဂျီယိုအဂူရို၊ ဖာနန်ဒင်ဟိုနှင့် စတာလင်းတို့သည် ယခုအပတ်အကုန်တွင် စပါးစ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရမည့်ပွဲတွင် ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

အဂူရိုသည် ပြီးခဲ့သည့် လေးလအတွင်းတွင် ၁၇၈ မိနစ်တည်းသာ ကစားထားနိုင်သူ ဖြစ်ပြီး ပြီးခဲ့သည့်လတုန်းက ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် တံကောက်ကြာဒဏ်ရာ ရရှိကာ အနားယူလာခဲ့ရသည်။ အသက် ၃၂ နှစ်ရှိ အဂူရိုသည် ပြီးခဲ့သည့်အပတ်မှ စတင်၍ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့သော်လည်း အပေါ့စားလေ့ကျင့်ခန်းသာ ပြုလုပ်နိုင်ခဲ့သည်။ သို့ရာတွင် သူသည် ယခုအပတ်တွင် ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ဖွယ်ရှိသည်။

အဂူရိုသည် ဒူးဒဏ်ရာကြောင့် ယခုရာသီအစ မန်စီးတီး၏ ပွဲ ၈ ပွဲကို လွဲချော်ခဲ့သူဖြစ်သည်။

ဖာနန်ဒင်ဟိုမှာလည်း လွန်ခဲ့သည့် တစ်လကျော်ခန့်က ပေါ်တိုနှင့်ပွဲတွင် ဒဏ်ရာရရှိကာ အနားယူခဲ့ရသော်လည်း လေ့ကျင့်ခန်းဆင်းနိုင်ပြီ ဖြစ်သည်။

စတာလင်းမှာလည်း ကြွက်သားဒဏ်ရာကြောင့် အင်္ဂလန်၏ အိုင်ယာလန်၊ ဘယ်လ်ဂျီယံပွဲစဉ်များကို လွဲချော်ခဲ့ရကာ လက်ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့ရသည်။ သို့ရာတွင် သူ၏ ကြွက်သားဒဏ်ရာမှာ ပြင်းထန်မှု မရှိ၍ အနည်းငယ်အနားယူလိုက်ပါက ပြန်လည်ကစားနိုင်မည် ဖြစ်၍ စပါးစ်နှင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။

Facebook Comments Box
Facebook Comment