စပါးစ်ကစားသမားများမှာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိဟု မော်ရင်ဟို ပြောကြား

ဟိုဆေးမော်ရင်ဟိုက တနင်္ဂနွေနေ့တုန်းက ဝက်စ်ဟမ်းနှင့် ၃ ဂိုးစီသရေကျသည့်ပွဲတွင် စပါးစ်ကစားသမားများမှာ ဝက်စ်ဟမ်း၏ပြန်လည်နိုးထမှုကို တိုက်ခိုက်ရန် လုံလောက်သည့် စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှု မရှိကြောင်း ပြောကြားလိုက်သည်။ စပါးစ်သည် ပွဲချိန် ၁၆ မိနစ်အတွင်းတွင်ပင် ဆန်ဟောင်မင်း၊ ဟယ်ရီကိန်းတို့၏ဂိုးများဖြင့် ဝက်စ်ဟမ်းကို ၃-၀ ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့ရာတွင် ဝက်စ်ဟမ်းသည် ပွဲပြီးခါနီး ၁၀ မိနစ်အတွင်းတွင် ချေပဂိုးများ ရရှိကာ အဖိုးတန် သရေ တစ်မှတ်ကို ရယူသွားခဲ့သည်။

မော်ရင်ဟိုက စပါးစ်မှာ ဒုတိယပိုင်းမှာ စိတ်ဓာတ်ပိုင်းအားနည်းချက်ကြောင့် ဝက်စ်ဟမ်း၏ ချေပဂိုးများကို ခွင့်ပြုလိုက်ရခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

မော်ရင်ဟိုက “ဒုတိယပိုင်းကို ကျွန်တော် ဆန်းစစ်မှု ပြုလုပ်သွားပါမယ်။ ဒါပေမယ့် ဝက်စ်ဟမ်းရဲ့ယုံကြည်မှုကိုတော့ ချီးကျူးချင်ပါတယ်။ ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး လွှမ်းမိုးခံနေရတဲ့အချိန်မှာ ယုံကြည်ချက်ထိန်းထားဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ သူတို့က ပြီးခဲ့တဲ့ရာသီနဲ့ ကွဲပြားတဲ့အသင်းဆိုတာ ကျွန်တော် သိထားပြီးသားပါ။ ဒါပေမယ့် သုံးဂိုးအသာစီးရထားရာကနေ ဆုံးရှံးလိုက်ရတာကတော့ ကြီးမားတဲ့ဒဏ်ခတ်မှုပါ။ ထိုက်လည်း ထိုက်တန်ပါတယ်။ ဒီပွဲကို ကျွန်တော်တို့ကအပြည့်အဝ ထိန်းချုပ်ထားတာပါ။ ကိန်း စတုတ္ထဂိုးသွင်းနိုင်တဲ့ အနေအထားရှိပေမယ့် တိုင်ထိသွားခဲ့တယ်။ ဂါရတ်ဘေးလ်က ပွဲကိုအပြီးသတ်နိုင်တဲ့အခွင့်အရေးရခဲ့တယ်။ ဒီပွဲမှာ လေးဂိုးထက်တောင် ရသင့်ပါတယ်။ ဒါပေမယ့်ဒါက ဘောလုံးပါ။ ပထမဂိုးပေးလိုက်ရတဲ့အချိန်မှာ သူတို့ရဲ့ယုံကြည်မှုကမြင့်တက်သွားပါတယ်။ ကျွန်တော့်ကစားသမားတွေက စိတ်ပိုင်းဆိုင်ရာ မတောင့်တင်းခဲ့ကြပါဘူး။ နောက်ဆုံးစက္ကန့်အနည်းငယ်မှာ ကျွန်‌တော်တို့ နှစ်မှတ်ဆုံးရှုံးသွားပါတယ်”ဟု ပြောကြားသွားသည်။

စပါးစ်သည် ကြာသပတေးနေ့တွင် LASK နှင့် ယူရိုပါလိဂ်အုပ်စုပွဲကစားရမည် ဖြစ်ပြီး လာမည့်အင်္ဂါနေ့တွင် ဘန်လေနှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် ကစားသွားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment