စပါးကို ဂိုးပြတ်ရှုံးခဲ့ခြင်းက ကပ်ဆိုးကြီးတစ်ခုလို ခံစားခဲ့ရဟု မက်ဂွိုင်းယား ဝန်ခံ

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားက စပါးကို ၆-၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရခြင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာအပေါ် အကျိုးသက်ရောက်မှု ရှိစေခဲ့ပြီး ကပ်ဆိုးကြီးတစ်ခု ကျရောက်သလို ခံစားခဲ့ရကြောင်း ဝန်ခံလိုက်သည်။

ဆိုးလ်ရှား၏ ယူနိုက်တက်သည် အောက်တိုဘာ ၄ ရက်က ယခုရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲအဖြစ် နည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေသည့် စပါးကို ဧည့်ခံခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းမှာပင် ၄-၁ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သည်။

ရာသီအစကလည်း ယူနိုက်တက်သည် အိမ်ကွင်းမှာပင် ခရစ္စတယ်ပဲလေ့စ်အား ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ထားရာ စပါးကို ထပ်မံရှုံးနိမ့်ခဲ့ခြင်းကြောင့် တစ်သင်းလုံး တုန်လှုပ်ချောက်ချားခဲ့ရကြောင်း မက်ဂွိုင်းယားက ဆိုသည်။

ယူနိုက်တက်သည် ရာသီအစ လိဂ် ၃ ပွဲမှာပင် ၁၁ ဂိုးအထိ ပေးခဲ့ရသောကြောင့် ဝေဖန်ခံခဲ့ရပြီး အထူးသဖြင့် မက်ဂွိုင်းယား ဦးဆောင်သော နောက်တန်း၏ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်ခဲ့ကြသည်။

“စပါးနဲ့ပွဲအပြီး ၃ ပွဲသာ ကစားပြီးချိန်မှာပဲ ကျွန်တော်တို့အားလုံး ကြီးမားတဲ့ ကပ်ဆိုးကြီးနဲ့ ကြုံခဲ့ရသလို ခံစားခဲ့ရတယ်။ ဒါက တော်တော်လေးကို ထူးဆန်းတဲ့ ခံစားမှုပါပဲ။

အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးမယ်လို့ ကျွန်တော်တို့ မျှော်လင့်မထားပါဘူး။ အထူးသဖြင့် ဒီလို ရလဒ်မျိုးနဲ့ ရှုံးမယ်လို့ မထင်ထားဘူး” ဟု မက်ဂွိုင်းယားက ဆိုသည်။

သို့သော်လည်း နိုင်ငံတကာ ပွဲစဉ်များအပြီး ပြန်ကစားသော ပွဲများတွင် ယူနိုက်တက်သည် ရလဒ်ကောင်းများ ပြန်လည်ရယူနိုင်ခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲမရှိတော့ဘဲ ၃ ပွဲနိုင်၊ ၁ ပွဲသရေ ကစားထားသည်။

ယူနိုက်တက်သည် ယခုတစ်ပတ်တွင် အာဆင်နယ်ကို ဧည့်ခံကစားသွားမည် ဖြစ်ပြီး လိုက်ပ်ဇစ်အား ၅ ဂိုးပြတ် အနိုင်ရသောပွဲမှ စွမ်းဆောင်မှုမျိုးကို ထပ်မံပြသသွားမည်ဟုလည်း မက်ဂွိုင်းယားက ကတိပေးသည်။

Ref:dailymail

Facebook Comments Box
Facebook Comment