ငါတို့ရဲ့ ရွှေမင်းသားလေးကို မထိနဲ့

မက်ဆီကတော့
အမေရိကန်မှာ
အလန်းတွေချည်းပဲ
လုပ်နေတယ်။
ကစားတဲ့ပွဲတိုင်း
ဂိုးသွင်းထားတယ်။
ပရိသတ်တွေကလည်း
သူကစားတာ
မြင်ချင်လွန်းလို့
ကွင်းထဲထိ တကူးတက
လာအားပေးကြတာ။

ပျော်စရာကြီး။
ဒီနေ့မနက် အစောပိုင်း
အော်လန်ဒိုစီးတီးနဲ့
ကစားသွားတဲ့ပွဲမှာလည်း
မက်ဆီက ၂ ဂိုး
သွင်းခဲ့သေးတယ်။
ယန်းကီးမြေကိုရောက်ပြီး
ကစားထားတဲ့ ၃ ပွဲမှာ
၅ ဂိုးသွင်းကာ
ဂိုးဖန်တီးမှု ၁ ကြိမ်
ပြုလုပ်ပေးထားတယ်။

မျှော်လင့်ထားတာထက်
ပိုတဲ့ စွမ်းဆောင်မှုလို့
ဆိုနိုင်မလားပဲ။
ဒါပေမဲ့ မက်ဆီလို
ကစားသမားအတွက်
အမေရိကန်မှာ ဒီလို
စွမ်းဆောင်ထားတာက
ဘာမှ မဟုတ်သေးပါဘူး။
ကောင်းပါတယ်ဆိုတဲ့
ဥရောပထိပ်သီးတွေကိုတောင်
နားရွက် တံထွေးစွတ်လာတာဆိုတော့
ဒီလောက်က စာဖွဲ့စရာ
မလိုပါဘူး။

အော်လန်ဒိုနဲ့ပွဲက
အတ္တလန်တာယူနိုက်တက်၊
ခရူအဇူလ်တို့နဲ့ကစားတဲ့
ပွဲတွေလို မဟုတ်ဘူး။
ပြိုင်ဆိုင်မှုက
ပိုပြင်းထန်တယ်။
မက်ဆီကို လှုပ်မရအောင်
လုပ်မယ်ဆိုတဲ့ ဗျူဟာက
အော်လန်ဒိုနည်းပြ
ပါရီဂျာဆီမှာ ရှိပြီးသား။

ဒါကြောင့် မရရအောင်တား
ဆိုတာမျိုးဖြစ်လာတော့
ခပ်ကြမ်းကြမ်းပုံစံတွေ
ဖြစ်လာတာပေါ့။
မက်ဆီကို ဆွကစားတဲ့
အနေအထားမျိုးတွေလည်း
တွေ့ရတယ်။ သူ့ကို
ပြေးလမ်းပိတ်ပြီး လဲကျစေခဲ့တဲ့
ကာတာဂျီနာကို နောက်တခါ
ပြန်ဆုံတော့ မက်ဆီက
အနောက်ကနေ ခြေထောက်ကို
ကန်သလိုဖြစ်လို့ ဆွဲလားရမ်းလား
ဖြစ်ခဲ့သေးတယ်။

ဒိုင်လူကြီးက မက်ဆီကို
အဝါကတ်ပြပေမယ့်
ဒီလောက်နဲ့ ပြီးမသွားဘူး။
မက်ဆီကို အော်လန်ဒို
ကစားသမားတွေက
ဖြဲမယ်ဆိုတဲ့ အထာတွေ
လုပ်လာတော့ ဘူးစကွက်စ်လည်း
မနေသာတော့ဘူး။
ဝင်ပါရတော့တာပေါ့။

တခု သတိထားမိတာက
မက်ဆီကို အင်တာမိုင်ယာမီ
ကစားသမားတွေက
ဝိုင်းအုံ ကာရံထားတာပဲ။
ငါတို့ ကပ္ပတိန်ကို
လာမထိနဲ့ဆိုတဲ့ အပေါက်။
အဲဒါက တခါလည်း မဟုတ်။
နှစ်ခါလည်း မဟုတ်ဘူး။

အကြိမ်တိုင်းလိုပဲ။
မက်ဆီ မေဂျာလိဂ်ကိုရွေးတော့
သူ့ကို ကာကွယ်ပေးဖို့
ဘက်ပေါင်းစုံက
ပြင်ဆင်ထားတယ်ဆိုတဲ့
သတင်း ဖတ်လိုက်ရတယ်။
ကမ္ဘာ့အကောင်းဆုံး
ကစားသမားကို ရန်ပြုမှာ၊
ကြမ်းကြမ်းတမ်းတမ်း
ကစားခံရမှာကို
ကာကွယ်ထားတယ်လို့
ထင်တာပဲ။

ဒါက အခြားလိဂ်တွေနဲ့
မတူတဲ့ မေဂျာလိဂ်ရဲ့
ထူးခြားမှုတခုပဲ။
မက်ဆီလို ကစားသမားမျိုး
ယန်းကီးမြေမှာ
ကြာနိုင်သမျှ ကြာကြာ
ကစားတာမျိုး
သူတို့ လိုချင်ကြမှာပေါ့။
သူကစားတာကို
မကြည့်ချင်တဲ့သူ
ဘယ်သူရှိမလဲ။

Facebook Comments Box
Facebook Comment