ဂွါဒီယိုလာ၏ပျင်းစရာကောင်းသည့် နည်းဗျူဟာကြောင့် ချန်ပီယံလိဂ်၌ မန်စီးတီး အောင်မြင်မှုမရခြင်းဟု မာဂတ်ဝေဖန်

ပက်ဂွါဒီယိုလာမှာ မန်စီးတီး၌ ချန်ပီယံလိဂ် အောင်မြင်မှု မရရှိခြင်းမှာ သူ၏ ပျင်းစရာ ကောင်းသည့် Tiki-taka စတိုင်ကြောင့် ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဖီးလစ်မာဂတ်က ပြောကြားလိုက်သည်။ ဂွါဒီယိုလာသည် ဘာစီလိုနာကို ကိုင်တွယ်စဉ်က ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရရှိပြီးနောက် ချန်ပီယံလိဂ်ဖလားနှင့် ဝေးကွာလာခဲ့သူလည်း ဖြစ်သည်။

မာဂတ်က ဂွါဒီယိုလာ လက်ထက်၌ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းမှာ နည်းပြ၏ နည်းဗျူဟာကြောင့် မဟုတ်ဘဲ မက်ဆီကြောင့်သာ ဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဂွါဒီယိုလာသည် ၂၀၁၁ ခုနှစ်တွင် ဘာစီလိုနာနှင့်အတူ ချန်ပီယံလိဂ်ဖလားအား နောက်ဆုံး အကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်း၌ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့တွင် အောင်မြင်မှုမရရှိခဲ့ချေ။

မာဂတ်က “မက်ဆီကြောင့် ဆုဖလားတွေရခဲ့တာ။ ဂွါဒီယိုလာကြောင့် မဟုတ်ပါဘူး။ မက်ဆီ မပါဝင်ဘဲ ဒီစနစ်က ဂွါဒီယိုလာအတွက် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ ဂွါဒီယိုလာရဲ့ စနစ်သာ အောင်မြင်တယ်ဆိုရင် ဘိုင်ယန် (သို့မဟုတ်) မန်စီးတီးတို့မှာ ချန်ပီယံလိဂ်ဖလား ရရှိမှာပေါ့။ Tiki-Taka က ပြိုင်ဘက်ထက် နည်းစနစ်ပိုင်း အရမ်းသာတဲ့ ကစားသမားတွေ ရှိမှ အလုပ်ဖြစ်တာမျိုးပါ။ ပရိသတ်အတွက် ဖျော်ဖြေမှုပေးတယ်ဘဲ ပြောပြာ၊ ဘောလုံးကိုင်ကစားတယ်ဘဲ ပြောပြော ပျင်းစရာကောင်းပါတယ်။ ထိပ်သီးအသင်းတစ်သင်းအနေနဲ့ ဒါကို အားပြုနေစရာ မလိုအပ်ပါဘူး။ ဒီနည်းဗျူဟာကြောင့်ဘဲ ဂွါဒီယိုလာကို ဆုံးဖြတ်ချက်အမှားတွေ ပြုလုပ်နေစေတာပါ။ ဒီနည်းဗျူဟာကြောင့်ဘဲ သူအောင်မြင်မှု မရရှိတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် ဘာစီလိုနာမှ ထွက်ခွာပြီးနောက် ချန်ပီယံလိဂ်ဖလား မဆွတ်ခူးနိုင်သော်လည်း ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့နှင့်အတူ ပြည်တွင်း အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည်။

ဂွါဒီယိုလာ၏ မန်စီးတီးသည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်သို့ တက်နိုင် ခဲ့သော်လည်း လိုင်ယွန်ကို ၃-၁ ဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရသည်။ မန်စီးတီးသည် ယခုရာသီ ပရီးမီးယားလိဂ်တွင်လည်း ဆက်တိုက် အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်နေရသည်။ ၎င်းတို့သည် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ဝုဗ်ကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့သော်လည်း အိမ်ကွင်း၌ လက်စတာကို ၅-၂ ဖြင့် ရှုံးနိမ့်ကာ တန်းတက်လိဒ်နှင့် တစ်ဂိုးစီ သရေကျခဲ့သည်။

အသက် ၄၉ နှစ်ရှိ ဂွါဒီယိုလာ၏ လက်ရှိစာချုပ်မှာ လာမည့် နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment