ဂွန်ဇာလက်ဇ်အား မျက်နှာဖြတ်မရိုက်ခဲ့မှုအပေါ် နောင်တရမိကြောင်း နေမာပြောကြား

နေမာက မာဆေးလ်နှင့်ပွဲတွင် သူ့ကို လူမျိုးရေးခွဲခြားပြောဆိုမှု ပြုလုပ်ခဲ့သည့် မာဆေးလ်နောက်ခံလူအယ်လ်ဗာရိုဂွန်ဇာလက်ဇ်အား ပြင်းထန်စွာ မတုံ့ပြန်ခဲ့မိမှုအပေါ် နောင်တရမိကြောင်း ပြောကြားလိုက်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပီအက်စ်ဂျီက မာဆေးလ်ကို ၁-၀ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် နှစ်ဖက်ကစားသမားများ ရန်ဖြစ်ခဲ့ပြီး ရန်ပွဲတွင် ပါဝင်သည့် ကစားသမားငါးဦး အထုတ်ခံခဲ့ရကာ ပွဲမှာ ရုပ်ဆိုးအကျည်းတန်စွာ ပြီးဆုံးခဲ့သည်။

ယင်းပွဲတွင် နေမာသည် ဂွန်ဇာလက်ဇ်၏နောက်စေ့ကို ရိုက်ခဲ့ပြီး အထုတ်ခံခဲ့ရ သည်။ ၎င်းက စပိန်နောက်ခံလူက လူမျိုးရေးခွဲခြားဆဲဆိုမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲထားသည်။

ဘရာဇီးတိုက်စစ်မှူးသည် ဂွန်ဇာလက်ဇ်ကို ပြုမူခဲ့မှုများအပေါ် ဒေါသမပျယ်သေးဘဲ ပိုမိုပြင်းထန်စွာ လုပ်ခဲ့သင့်သည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားလိုက်သည်။

နေမာက “မျက်ခွက်ဖြတ်မရိုက်ခဲ့မိတာ တော်တော်နောင်တရတယ်”ဟု တွစ်တာတွင် ရေးသားသွားခဲ့သည်။

ပီအက်စ်ဂျီသည် မာဆေးလ်ပွဲမတိုင်မီ တန်းတက် လန်းစ်ကို ရှုံးနိမ့်ခဲ့ရာ ၁၉၈၄-၈၅ နောက်ပိုင်းတွင် ပထမဆုံးရာသီအဖွင့်ပွဲနှစ်ပွဲရှုံးနိမ့်မှုနှင့် ကြုံထားရသည်။

မာဆေးလ်နည်းပြအင်ဒရေဘိုအာ့စ်ကလည်း ပီအက်စ်ဂျီကစားသမားအိန်ဂျယ်ဒီမာရီယာမှာ မာဆေးလ်ကစားသမားတစ်ဦးကို တံတွေးဖြင့် ထွေးခဲ့ကြောင်း စွပ်စွဲထားပြီး ဂွန်ဇာလက်ဇ်မှာ လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ခြင်းမရှိဟု ကာကွယ်ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment