
ဂျူဗီ၏ အမှတ်လျှော့ပြစ်ဒဏ် ပယ်ဖျက်ခံရ
အပြောင်းအရွှေ့နှင့် အသင်းဘဏ္ဍာရေးပိုင်းဆိုင်ရာတွင် စာရင်းအမှားများပြုလုပ်ခဲ့၍ ၁၅ မှတ်လျှော့ချခံရသော ဂျူဗင်တပ်စ်၏ပြစ်ဒဏ်ကို အီတလီဘောလုံးအဖွဲ့ချုပ် အယူခံတရားရုံးက ပယ်ဖျက်လိုက်သည်။
လပေါင်းများစွာ စုံစမ်းစစ်ဆေးပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တူရင်အခြေစိုက်ကလပ်အား ၁၅ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးရာတွင် ဂျူဗင်တပ်စ် ဘုတ်အဖွဲ့ဝင်အားလုံးကိုသာမက အခြားဝန်ထမ်းများကိုပါ စစ်ဆေးခဲ့ပြီး ဥက္ကဋ္ဌ အက်ဂ်နယ်လီ၊ ဒု-ဥက္ကဋ္ဌ နက်ဗက်တို့ ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
၁၅ မှတ်လျှော့ချခံရခြင်းကြောင့် ဂျူဗင်တပ်စ်သည် အမှတ်ပေးဇယား အလယ်အထိ ရောက်ရှိသွားခဲ့သည်။
သို့သော် အယူခံဝင်ခဲ့ရာ အီတလီဘောလုံးအဖွဲ့ချုပ် အယူခံတရားရုံးက ဧပြီ ၂၀ ရက်တွင် အမှတ်လျှော့ပြစ်ဒဏ်အား ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဂျူဗင်တပ်စ်သည် အဆင့် ၇ နေရာမှ တတိယနေရာအထိ တက်လှမ်းလာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် အခြေအနေကောင်းသွားခဲ့သည်။