ဂျူဗီနှင့် ဘာကာသာ နောက်တစ်ဆင့်တက်မည်ဟု ကိုးမန်း သုံးသပ်

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်များ ထွက်ပေါ်လာပြီးနောက် ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ၁၆ သင်း ရှုံးထွက်အဆင့်သို့ မိမိတို့နှင့် ဂျူဗင်တပ်စ်သာ တက်ရောက်နိုင်မည်ဟု ပြောကြားလိုက်သည်။

အုပ်စုမဲခွဲမှုအရ ချန်ပီယံလိဂ်တွင် ၅ ကြိမ် ဗိုလ်စွဲထားသော ဘာစီလိုနာသည် ၂ ကြိမ် ဗိုလ်စွဲထားသော စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်၊ ယူကရိန်း ထိပ်တန်းကလပ် ဒိုင်နမိုကိဗ်၊ ဟန်ဂေရီချန်ပီယံ ဖီရန်ဗာရို့စ်နှင့်အတူ အုပ်စု(G)တွင် ကျရောက်နေသည်။

အစဉ်အလာနှင့် လက်ရှိခြေစွမ်းအရ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည့် အသင်းများက ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့သာ ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။

စိတ်ဝင်စားစရာ ကောင်းသည့်အချက်တစ်ခုက ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ ၂ နှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ရမည့် အချက်ဖြစ်သည်။

“မဲခွဲမှုကို ကျွန်တော်တို့ ကျေနပ်ပါတယ်။ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့က အုပ်စုထဲမှာ အကောင်းဆုံး အသင်းတွေပါ။ ကျန်အသင်းတွေအတွက် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့နဲ့ ကစားခွင့်ရတာက ပျော်ရွှင်စရာ ဖြစ်လာမှာ သေချာပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ကတော့ သူတို့ကို အခွင့်အရေး ပေးမှာမဟုတ်ပါဘူး။ ဂျူဗင်တပ်စ်နဲ့ ကျွန်တော်တို့အသင်းပဲ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ” ဟု ကိုးမန်းက ပြောသည်။

၂၀၁၉-၂၀၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်တွင် ဘာစီလိုနာက ချန်ပီယံဖြစ်သွားသည့် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို ဂျူဗင် တပ်စ်ကလည်း ၁၆ သင်းအဆင့်တွင် လိုင်ယွန်ကို အဝေးဂိုးစည်းမျဉ်းဖြင့် အရေးနိမ့်ခဲ့သည်။

ယခုနှစ် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၁)ကို ယခုလ ၂၀/၂၁ ရက်များတွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

Ref:Marca

Facebook Comments Box
Facebook Comment