ဂျူဗီကစားသမားများသည် အိမ်သာအတွင်း ကော်ဖီသောက်၊ ဆေးလိပ်သောက်ကြဟု ဘန်တနာ ဖွင့်ဟ

ဒိန်းမတ်တိုက်စစ်မှူး နစ်ကလပ်စ်ဘန်တနာက ၎င်းကစားဖူးသည့် ကလပ်များမှ ကစားသမားများသည် ဆေးလိပ်ကို စွဲလန်းစွာ သောက်သူများဖြစ်ပြီး ဂျူဗင်တပ်စ်တွင် ကစားစဉ် ထူးဆန်းသည့် အပြုအမူများ တွေ့ခဲ့ရကြောင်း ဖွင့်ဟလိုက်သည်။

အသက် ၃၂ နှစ်အရွယ် ဘန်တနာသည် လက်ရှိတွင် ဒိန်းမတ် စတုတ္ထတန်းက လပ် တန်ဘီ၌ ကစားလျက်ရှိပြီး အာဆင်နယ်၊ ဘာမင်ဂမ်(အဌား)၊ ဆန်းဒါးလန်း(အဌား)၊ ဂျူဗင်တပ်စ်(အဌား)၊ ဝုဖ်ဘတ်၊ နော်တင်ဟမ်၊ ရိုဆင်ဘော့၊ ကိုပင်ဟေဂင်တို့တွင်လည်း ကစားဖူးသည်။

၂၀၀၅ ခုနှစ်တွင် အာဆင်နယ်နှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့သော ဘန်တနာသည် ၂၀၁၂-၂၀၁၃ ရာသီက စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ်သို့ အဌားသွားကစားခဲ့သည်။

ထိုစဉ်က အသက် ၂၄ နှစ်အရွယ် ၎င်းသည် စီးရီးအေ ၉ ပွဲအပါ ပြိုင်ပွဲစုံ ၁၁ ပွဲသာ ကစားခွင့်ရခဲ့သလို ဂိုးလည်းမသွင်းနိုင်၊ ခြေစွမ်းလည်း မပြနိုင် သောကြောင့် ဂျူဗင်တပ်စ်က အပြီးသတ် ခေါ်ယူခြင်းမရှိဘဲ လန်ဒန်သို့ ပြန်လာခဲ့ရသည်။

ဂျူဗင်တပ်စ်သို့ စရောက်သည့်နေ့တွင် အံ့သြစရာဖြစ်ရပ်နှင့် ကြုံခဲ့ရပြီး ကစားသမားအချို့သည် အိမ်သာအတွင်း ဆေးလိပ်သောက်ခြင်း၊ ကော်ဖီ သောက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး စကားပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း ဘန်တနာက ပြန်ပြောင်းပြောပြသည်။

BBC Radio 5 Live နှင့် တွေ့ဆုံရာတွင် ဂျူဗင်တပ်စ်နှင့် စီးရီးအေချန်ပီယံ ဖြစ်ခဲ့သော ဘန်တနာက “ရေချိုးခန်းထဲမှာ ကျွန်တော် တစ်ယောက်မှမတွေ့ဘူး။ ဒါက နည်းနည်း ထူးဆန်းနေသလားပဲ။ ကျွန်တော် စရောက်တဲ့ ပထမဆုံးနေ့မှာ ကြုံခဲ့ရတာ။ နောက်တော့ အိမ်သာထဲမှာ ၁၀ ယောက်၊ ၁၂ ယောက်လောက် တွေ့တယ်။

ကော်ဖီခွက်လေးတွေကိုင်ပြီး ဆေးလိပ်သောက်လိုက်၊ စကားတွေပြောလိုက်နဲ့ လုပ်နေတာ။ ကုမ္ပဏီတွေမှာ လုပ်နေသလိုမျိုးပဲ။ ဒါက အံ့အားသင့်စရာ မြင်ကွင်းတစ်ခုဖြစ်ပြီး သူတို့လိုမျိုး လိုက်လုပ်ချင်တဲ့စိတ်တောင် ဖြစ်မိတယ်။

ဘူဖွန်၊ ပီယာလိုတို့ကလည်း ဆေးလိပ်သောက်တတ်တာကို ဘယ်တော့မှ ဖုံးကွယ်မထားဘူး။ ဒါပေမဲ့ သူတို့က ဆေးလိပ်သာ သောက်တာ သူတို့ရဲ့စွမ်းဆောင်ရည်ကိုတော့ အထိခိုက်မခံပါဘူး” ဟု ပြောသည်။

ထို့အပြင် ၎င်းက အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ အင်္ဂလန်သို့ ရောက်လာခါစတွင် အိမ်သာအတွင်း ဆေးလိပ်သောက်ခြင်းအား မီဒီယာများက အထူးအဆန်းသဖွယ် ဖော်ပြခဲ့သော်လည်း အီတလီတွင်မူ ထူးဆန်းသောအရာ မဟုတ်ကြောင်းလည်း ဆိုသည်။

Ref:football-italia

Facebook Comments Box
Facebook Comment