ဂျူဗင်တပ်သို့ ပြောင်းသွားခဲ့သည့် ချီယေးဆာကို သစ္စာဖောက်ဟု ဖီအိုရင်တီးနား ပရိသတ်များ ဆဲဆိုခဲ့ကြ

ဂျူဗင်တပ်တောင်ပံကစားသမားသစ် ဖီဒီရီကို ချီယေးဆာသည် ဂျူဗင်တပ်သို့ ပြောင်းရွှေ့ရန် ဖလောရင့်ရှိ ဖန်ဖာနီဆေးရုံတွင် ဆေးစစ်ဆေးမှု ခံယူရန် သွားရောက် ဖီအိုရင်တီးနား ပရိသတ်များ၏ ဆဲဆိုမှု ခံခဲ့ရကြောင်း သိရသည်။

ချီယေးဆာသည် လက်ရှိအချိန်တွင် အီတလီလက်ရွေးစင်အသင်းနှင့် ပူးပေါင်း နေရမှုကြောင့် တိုရီနိုသို့ သွားရောက်ကာ ဆေးစစ်မှု မပြုလုပ်ဘဲ ဖလော့ရင့်တွင် ဆေးစစ်မှု ခံယူကာ အပြောင်းအရွှေ့ကို အပြီးသတ်မှု ပြုလုပ်ခဲ့သည်။

အသက် ၂၂ နှစ်ရှိ ချီယေးဆာသည် ဆေးစစ်ဆေးမှု ခံယူရန် သွားရောက်စဉ် ဖီအိုရင်တီးနားပရိသတ်များ၏ လှောင်ပြောင် အော်ဟစ်ဆဲဆိုခြင်း ခံခဲ့ရသည်။ ထို့အပြင် ပရိသတ်အချို့တို့က ၎င်းကို “သစ္စာဖောက်”၊ “အရှက်မရှိတဲ့အကောင်”၊ “အရှုး”ဟု ပြောကြားခဲ့သည်။

ဖီအိုရင်တီးနားနှင့် ဂျူဗင်တပ် ပရိသတ်များ အကြားတွင် ကြီးမားသည့် ပြိုင်ဆိုင်မှု သမိုင်းမှတ်တမ်းများ ရှိခဲ့ကြဖူးသည်။ အထူးသဖြင့် ရောဘတ်တိုဘက်ဂီယိုကို ဖီအိုရင်တီးနားကနေ ဂျူဗင်တပ်က ခေါ်ယူလိုက်ပြီးနောက် ပရိသတ်နှစ်ခုအကြား တင်းမာမှု ရှိလာခဲ့ကြခြင်းလည်း ဖြစ်သည်။ ဘက်ဂီယိုနှင့်ချီယေးဆာမှာ ဖီအိုရင်တီးနားမှ ဂျူဗင်တပ်သို့ ပြောင်းကစားသည့် နှစ်ဦးတည်းသော ဖီအိုရင်တီးနားကစားသမားများ မဟုတ်ပါဘူး။ ဘီနာဒက်စ်ချီ၊ ဖီးလစ်ပီမယ်လို၊ နီတိုတို့မှာလည်း ဖီအိုရင်တီးနားကို စွန့်ခွာကာ ဂျူဗင်တပ်သို့ ပြောင်းခဲ့ကြဖူးသည်။

ဂျူဗင်တပ်သည် အီတလီလက်ရွေးစင် တောင်ပံ တိုက်စစ်သမား ချီယေးဆာကို ၂ ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်း ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နွေတွင် ယူရိုသန်း ၄၀ ဖြင့် အပြီးသတ် ခေါ်ယူသွားမည် ဖြစ်သည်။

ဂျူဗင်တပ်သည် ချီယေးဆာ၏ ပထမရာသီအတွက်ငှားရမ်းခ ယူရို ၃ သန်း၊ ဒုတိယရာသီအတွက် ငှားရမ်းခ ယူရို ၇ သန်းပေးရမည် ဖြစ်သည်။ အခြားတစ်ဖက်တွင် ဂျူဗင်တပ်အနေဖြင့် ချီယေးဆာသာ ပွဲအားလုံး၏ ၆၀ ရာခိုင်နှုန်းတွင် တစ်ပွဲပျမ်းမျှ မိနစ် ၃၀ ကစားခွင့်မရလျှင်၊ တစ်ရာသီ အနည်းဆုံး ၁၀ ဂိုး မသွင်းနိုင်လျှင် အပြီးသတ် မခေါ်ယူနိုင်ခွင့် ရှိနေသည်။ သို့သော် ဂျူဗင်တပ်အနေဖြင့် ကစားသမားမှာ ခြေစွမ်းပြနိုင်ပါက နောက်ထပ် ယူရို ၁၀ သန်းအထိ ထပ်မံပေးရဦးမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment