ဂျူဗင်တပ်နှင့်အီတလီဂန္ထဝင်နည်းပြလစ်ပီ နည်းပြဘဝမှ အနားယူပြီ

အီတလီနှင့်ဂျူဗင်တပ်ဂန္ထဝင်နည်းပြမာဆယ်လိုလစ်ပီသည် နည်းပြဘဝမှ အနားယူလိုက်ပြီ ဖြစ်သည်။ မာဆယ်လိုလစ်ပီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတုန်းက တရုတ်နည်းပြရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့သူဖြစ်သည်။

အသက် ၇၂ နှစ်ရှိ မာဆယ်လိုလစ်ပီက “နည်းပြအလုပ်နဲ့ပတ်သက်ပြီး အားလုံးလုပ်ပြီးသွားပါပြီ။ အခု အနားယူဖို့ သင့်ပါပြီ။ အခြားအသုံးဝင်တဲ့ တာဝန်တွေမှာ ထမ်းဆောင်နိုင်ဦးမလား ကြည့်ရပါဦးမယ်။ ဒါပေမယ့် နွေဦးပေါက်တဲ့အထိ ဘာမှ လုပ်ဦးမှာမဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။

မာဆယ်လိုလစ်ပီသည် အတ္တလန္တာ၊ နာပိုလီတို့ကို ကိုင်တွယ်ပြီးနောက် ၁၉၉၄ ခုနှစ်တွင် ဂျူဗင်တပ်ကို ကိုင်တွယ်ခဲ့ပြီး စီးရီးအေဖလား ၃ ကြိမ်နှင့် ဂျူဗင်တပ်၏ နောက်ဆုံးချန်ပီယံလိဂ်ဖလား(၁၉၉၅-၉၆)တို့ကို ရယူပေးခဲ့သည်။ သူသည် ဂျူဗင်တပ်ကို နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့သည့် အပြင် အင်တာမီလန်ကိုလည်း ကိုင်တွယ်ခဲ့ဖူးသည်။ သူသည် စီးရီးအေဖလား ၅ ကြိမ်၊ စူပါကိုပါအီတာလီယာဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား ၁ ကြိမ်၊ အင်တာကွန်တင်နင်တယ်ဖလား ၁ ကြိမ်နှင့် ကိုပါအီတာလီယာဖလား ၁ ကြိမ် ဆွတ်ခူးထားနိုင်သည်။

သူသည် ၂၀၀၄ ခုနှစ်တွင် ဂျူဗင်တပ်မှ ထွက်ခွာပြီးနောက် အီတလီအသင်းကို ကိုင်တွယ်ခဲ့ရာတွင် ၂၀၀၆ ကမ္ဘာ့ဖလား ရရှိအောင် စွမ်းဆောင်ခဲ့သည်။ သူသည် ၂၀၀၈ ခုနှစ်တွင် အီတလီအသင်းနည်းပြအဖြစ် တစ်ကျော့ပြန် တာဝန်ထမ်းဆောင်ခဲ့သေးသည်။

တရုတ်တွင် လစ်ပီသည် ၂၀၁၂ ခုနှစ်တွင် ကွန်ကျိုးအဲဗားဂရန်ဒီကို ကိုင်တွယ်ခဲ့ပြီး တရုတ်စူပါလိဂ်ဖလား ၃ ကြိမ်အပြင် အာရှချန်ပီယံလိဂ်ဖလား ၊ တရုတ် အက်ဖ်အေဖလား ၊ တရုတ်အက်ဖ်အေစူပါဖလား ဆွတ်ခူးနိုင်ခဲ့သည်။ သူသည် တရုတ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ရာတွင် အောင်မြင်မှု ရရှိရန် ရုန်းကန်ခဲ့ရပြီး ယမန်နှစ်တုန်းက ဆီးရီးယားကို ရှုံးနိမ့်ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့သည်။

Facebook Comments Box
Facebook Comment