ဂျိုးဂိုမက်ဇ် ရာသီကုန်အထိ အနားယူရနိုင်

အင်္ဂလန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းစဉ် ဒူးဒဏ်ရာရရှိခဲ့သော ဂျိုးဂိုမက်ဇ်ကို ယနေ့ ခွဲစိတ်ကုသခဲ့ရာ အောင်မြင်မှုရခဲ့သော်လည်း ပြန်လည်ထူထောင်ရန် အချိန်ယူရမည်ဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ကုန်ချိန်အထိ အနားယူရဖွယ် ရှိနေကြောင်း လီဗာပူးလ်အသင်းက ကြေညာသည်။

အသက် ၂၃ နှစ်အရွယ် ဗဟိုနောက်ခံလူ ဂိုမက်ဇ်သည် အင်္ဂလန်အသင်းအတွက် နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် လေ့ကျင့်နေစဉ် ဘယ်ဖက်ဒူးဒဏ်ရာ ရရှိခဲ့သောကြောင့် မိခင်ကလပ် လီဗာပူးလ်သို့ ပြန်လာခဲ့ရသည်။

ယနေ့တွင် လီဗာပူးလ်က ၎င်း၏ဒူးဒဏ်ရာကို စစ်ဆေးခဲ့ရာ ဘယ်ဖက်ဒူးအရွတ် စုတ်ပြဲနေကြောင်း တွေ့ရှိခဲ့၍ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး အောင်မြင်ခဲ့သည်။

သို့သော်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်၍ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ လက်ကျန်ပွဲများအား လွဲချော်ရတော့မည်ဖြစ်ပြီး မိမိတို့ ဆေးအဖွဲ့ကလည်း တိုးတက်မှုကို အနီး ကပ် စောင့်ကြည့်သွားမည်ဟု လီဗာပူးလ်က ကြေညာသည်။

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းတွင် ဗန်ဒိုက်၊ မာတစ်၊ ဖာဘင်ညို၊ အာနိုးတို့လည်း ဒဏ်ရာရရှိနေရာ ယခု ဂိုမက်ဇ်ပါ ကာလရှည် အနားယူရမည်ဖြစ်၍ နည်းပြ ယာဂန်ကလော့ပ်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။

ဂိုမက်ဇ်သည် ၂၀၁၅ ခုနှစ်တွင် ချာလ်တန်မှ ပေါင် ၃ သန်းခွဲဖြင့် ပြောင်းရွှေ့လာပြီးနောက် မာဆေးဆိုက်အခြေစိုက် ကလပ်အတွက် ပြိုင်ပွဲစုံ ၁၂၁ ပွဲ ကစားကာ ယခုရာသီ၌ ပရီးမီးယားလိဂ် ၇ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားထားသည်။

ပရီးမီးယားလိဂ်တွင် တတိယနေရာ၌ ရပ်တည်နေသော လီဗာပူးလ်သည် နိုင်ငံတကာ ပွဲစဉ်များအပြီး နိုဝင်ဘာ ၂၁ ရက်တွင် ဇယားထိပ်ဆုံးမှ လက်စတာအား အိမ်ကွင်းပွဲစဉ် လက်ခံကစားရမည်ဖြစ်သည်။

Ref:dailymail

Facebook Comments Box
Facebook Comment