ဂျိုတာကြောင့် နည်းဗျူဟာများစွာ ရွေးချယ် အသုံးပြုလာနိုင်မည်ဟု လီဗာပူးနည်းပြကလော့ပ် ပြောကြား

လီဗာပူးသည် ပေါ်တူဂီတိုက်စစ်သမား ဒေယိုဂို ဂျိူတာကို ဝုဗ်မှ ပေါင် ၄၁ သန်းဖြင့် ခေါ်ယူလိုက်သည်။ လီဗာပူးသည် ဂျိူတာ၏အောင်မြင်မှုအပေါ် မူတည်ကာ ဝုဗ်ကို ပေါင် ၄၅ သန်းအထိ ပေးရနိုင်သည်။

အသက် ၂၃ နှစ်ရှိ အက်သလက်တီကိုမက်ဒရစ် ကစားသမားဟောင်းသည် လီဗာပူးနှင့် ငါးနှစ်စာချုပ်ချု်ပဆိုထားသည်။

ဂျိုတာက “ကျွန်တော့်အတွက်ရော မိသားစုအတွက်ပါ အရမ်း စိတ်လှုပ်ရှားရပါတယ်”ဟု ပြောကြားသွားသည်။

လီဗာပူးသည် နောက်ခံလူကီဂျာနာဟိုအီဗာကို ဝုဗ်သို့ ပေါင် ၉ သန်းဖြင့် ရောင်းချခဲ့ရာ လီဗာပူးအနေဖြင့် ပေါင်သန်း ၃၀ သာ ကုန်ကျမည်ဖြစ်သည်။ လီဗာပူးသည် ဟိုအီဗာ၏အောင်မြင်မှုအပေါ်မူတည်ကာ နောက်ထပ် ပေါင် ၄.၅ သန်း ထပ်မံ ရရှိဦးမည် ဖြစ်သည်။ ထို့အပြင် လီဗာပူးသည် ဒတ်ချ် ကစားသမား၏ အနာဂတ်အပြောင်းအရွှေ့တွင် ၁၅ ရာခိုင်နှုန်း အကျိုးခံစားခွင့် ရရှိဦးမည်ဖြစ်သည်။

ဂျိုနာက “ပရီးမီးယားလိဂ်ကို ကြည့်လိုက်ရင် လီဗာပူးက ဒီနိုင်ငံရဲ့ ထိပ်သီး ကလပ်တွေထဲက တစ်ခုဆိုတာ မြင်ရပါမယ်။ ဒီတော့ ဒီလို ကလပ်ကို ငြင်းပယ်စရာ မရှိပါဘူး။ ကျွန်တော်က အသင်းအတွက် ဦးစားပေး ကစားတတ်သူပါ။ ရှေ့တန်းမှာ ကစားတယ်။ ကျွန်တော့်အလုပ်က ဂိုးရရှိနိုင်မယ့် နည်းလမ်းရှာဖို့ပါ။ ပြီးတော့ ဖန်တီးပေးနိုင်ပါ။ ဒါတွေက ကျွန်တော့်ဆီကနေ သူတို့(လီဗာပူး)မျှော်လင့်နိုင်တဲ့ အရာပါ။ ကျွန်တော်ကလည်း အကောင်းဆုံးလုပ်ပေးသွားပါမယ်။ ဒီအသင်းအတွက် အကောင်းဆုံး ကူညီပေးသွားပါမယ်”ဟု ပြောကြားသွားသည်။

လီဗာပူးသည် သောကြာနေ့တုန်းက ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမားတီယာ ဂိုအား ပေါင် ၂၇ သန်းဖြင့် ခေါ်ယူပြီးနောက် ဂျိုနာကို ဆက်လက် ခေါ်ယူလိုက်ခြင်းလည်း ဖြစ်သည်။ ၎င်းတို့သည် ယခုနွေရာသီ အစောပိုင်းတုန်းက ဂရိဘယ်နောက်ခံလူဆီမီကစ်ကိုလည်း ပေါင် ၁၁.၇ သန်းဖြင့် ခေါ်ယူခဲ့သည်။

ဂျိုနာသည် တိုက်စစ်တွင် နေရာစုံ၌ ကစားနိုင်သူ ဖြစ်ပြီး တာကူမီ မီနာမီနို၊ အိုရီဂီတို့နှင့်အတူ ဆာဒိုင်ယိုမာနေး၊ ဖာမီနိုနှင့် ဆာလက်တို့အတွက် အရန်အဖြစ် ကစားသွားရမည် ဖြစ်သည်။

ကလော့ပ်က “သူက ကျွန်တော်တို့အတွက် ရွေးချယ်စရာအများကြီးပေးတဲ့ ကစားသမားပါ။ သူ့အသက်က ၂၃ နှစ်ဘဲ ရှိပါသေးတယ်။ အကောင်းဆုံးအနေအထားသို့ မရောက်သေးပါဘူး။ တိုးတက်လာနိုင်တာတွေ အများကြီးပါ။ သူက မြန်တယ်။ အသင်းနဲ့ ချိတ်ဆက်ကစားနိုင်တယ်။ ခံစစ်ကို ကူညီနိုင်တယ်။ ပြိုင်ဘက်ကို ဖိနိုင်တယ်။ ဒါတွေက သူ့ကစားဟန်က ခန့်မှန်းရ အရမ်းခက်ခဲပါတယ်။ သူ့ကြောင့် ကျွန်တော်တို့အနေနဲ့ နည်းဗျူဟာများနဲ့ ကစားနိုင်အောင် ရွေးချယ်ခွင့်ပေးလာစေပါတယ်”ဟု ပြောကြားခဲ့သည်။

ဂျိုတာသည် ၂၀၁၇-၁၈ ရာသီတွင် ဝုဗ်သို့ အငှားဖြင့် ရောက်လာပြီးနောက် ၂၀၁၈ ခုနှစ်၊ နွေတွင် ပေါင် ၁၂.၈ သန်းဖြင့် အပြီးသတ်ပြောင်းခဲ့သူ ဖြစ်သည်။

သူသည် ဝုဗ်အတွက် ၁၃၁ ပွဲကစားကာ ၄၄ ဂိုးသွင်းယူနိုင်ခဲ့သည်။ သူသည် ပြီးခဲ့သည့် ရာသီတုန်းက ဘီဆစ်တပ်၊ အက်စ်ပန်ညိုတို့နှင့် ယူရိုပါလိဂ်ပွဲစဉ်များတွင် ဟက်ထရစ်သွ့င်းနိုင်ခဲံသူလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment