ဂျာမန်သမိုင်းတွင် အအောင်မြင်ဆုံး ကစားသမားအဖြစ် ပူးတွဲ ရပ်တည်လာနိုင်သည့် သောမတ်စ်မူလာ

ဘိုင်ယန်မြူးနစ်စတား သောမတ်စ်မူလာသည် မနေ့ညတုန်းက ယူအီးအက်ဖ်အေစူပါဖလားပွဲတွင် ဆီဗီလာကို အနိုင်ရရှိပြီးနောက် ဂျာမန်ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးကစားသမားအဖြစ် ပူးတွဲ ရပ်တည်လာနိုင်ခဲ့ကြောင်း သိရသည်။

အင်္ဂါနေ့ညတုန်းက ဘူဒါပတ်စ်ရှိ ပွတ်ရှ်ကက်စ်ကွင်းတွင် ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့် ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာတို့ ယူအီးအက်ဖ်အေ စူပါဖလားပွဲ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယင်းပွဲတွင် ဆီဗီလာသည် ပွဲချိန် ၁၃ မိနစ်တွင် အိုကမ်ပို့စ်၏ပင်နယ်တီဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်းတွင်ပင် ဂိုရက်ဇ်ကာက ဘိုင်ယန်အတွက် ချေပဂိုးသွင်းခဲ့သည်။ ဘိုင်ယန်အတွက် အဖိုးတန် အနိုင်ဂိုးကို မာတီနက်ဇ်က ခေါင်းတိုက်ကာ သွင်းယူခဲ့မှုကြောင့် ဘိုင်ယန်မြူးနစ်တို့ ယူအီးအက်ဖ်အေ စူပါဖလား ချန်ပီယံ ဖြစ်ခဲ့သည်။

ဘိုင်ယန်မြူးနစ်တွင် ကစားသမားဘဝတစ်ခုလုံး ကုန်ဆုံးလာခဲ့သည့် သောမတ်စ်မူလာသည် ယူအီးအက်ဖ်အေ စူပါဖလားကြောင့် ၂၀၂၀ ခုနှစ်အတွင်းတွင် ဆုဖလား လေးကြိမ် ဆွတ်ခူးထားလာနိုင်ပြီး ဂျာမန်သမိုင်းတွင် အောင်မြင်မှုအများဆုံးရရှိသည့် ကစားသမားအဖြစ် ပူးတွဲ ရပ်တည်လာနို်ငခဲ့သည်။

ကမ္ဘာ့ဖလားဆုရှင် မူလာသည် ကလပ်အသင်းအဆင့်တွင် စုစုပေါင်း ဆုဖလား ၂၆ ကြိမ်အထိ ဆွတ်ခူးထားနိုင်ပြီ ဖြစ်ကာ ကစားဖော်ဟောင်း ရှဝိန်းစတိုင်ဂါနှင့်အတူ ဂျာမန်ဘောလုံးသမိုင်းတွင် အောင်မြင်မှုအများဆုံး ရရှိသည့် ကစားသမားအဖြစ် ပူးတွဲ ရပ်တည်လာနိုင်ခဲ့သည်။

မူလာသည် မကြာမီကာလအတွင်းတွင် ဂျာမန်သမိုင်းတွင် အောင်မြင်မှု အရှိဆုံး ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်မည့် အခွင့်အရေးလည်း ရှိနေသည်။ ဘိုင်ယန်မြူးနစ်သည် လာမည့် ဗုဒ္ဓဟူးနေ့တွင် ဂျာမန်စူပါဖလားအဖြစ် ဒေါ့မွန်နှင့် ကစားရမည်ဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရရှိပါက မူလာမှာ ဂျာမန်သမိုင်းတွင် အောင်မြင်မှုအများဆုံးရရှိသည့် ကစားသမားအဖြစ် မှတ်တမ်း ရေးထိုးလာနိုင်မည် ဖြစ်သည်။

ထို့အပြင် ဘိုင်ယန်မြူးနစ်နည်းပြဖလစ်မှာလည်း ယူအီးအက်ဖ်အေစူပါဖလားကို ဆွတ်ခူးနိုင်သည့် ဒုတိယမြောက် ဂျာမန် နည်းပြဖြစ်လာခဲ့သည်။ ယင်းဖလားကို ပထမဆုံး ရရှိသည့် ဂျာမန်လူမျိုးနည်းပြအဖြစ် လီဗာပူးနည်းပြကလော့ပ်က ၂၀၁၉ ခုနှစ်တုန်းက မှတ်တမ်း ရေးထိုးခဲ့သည်။

Facebook Comments Box
Facebook Comment