ဂျာစီလဲခဲ့တဲ့နေမာ ဗိုလ်လုပွဲနဲ့ လွဲချော်ဖွယ်ရှိနေ

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာသည် လိုက်ပ်ဇစ်အား ၃ ဂိုးပြတ်အနိုင်ရခဲ့သော ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး ပြိုင်ဘက်ကစားသမားတစ်ဦးနှင့် ဂျာစီလဲလှယ်ခဲ့ခြင်းကြောင့် ယူအီးအက်ဖ်အေ၏စည်းမျဉ်းကို ချိုးဖောက်ခဲ့သလို ဖြစ်ခဲ့ရာ တနင်္ဂနွေတွင်ကစားမည့် ဗိုလ်လုပွဲအား လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

မာကွင်ဟို့စ်၊ ဒီမာရီယာ၊ ဟွမ်ဘားနက်တို့၏သွင်းဂိုးများဖြင့် အနိုင်ရခဲ့သော ပီအက်စ်ဂျီသည် ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်လျှောက် ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့သော်လည်း နေမာအနေဖြင့် ပွဲအပြီးတွင် လိုက်ပ်ဇစ်ကစားသမား ဟယ်စတန်ဘတ်နှင့် ဂျာစီလဲခဲ့ခြင်းကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ဖွယ်ရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ပြန်လည်ကျင်းပသော ဘောလုံးပွဲစဉ်များတွင် ယူအီးအက်ဖ်အေက တင်းကျပ် သောစည်းကမ်းချက်များ ထုတ်ပြန်ထားပြီး ကစားသမားများအနေဖြင့် ရောဂါကူးစက်နိုင်ခြေရှိသော ဂျာစီလဲလှယ် ခြင်းမျိုး မပြုလုပ်ရန် စည်းကမ်းသတ်မှတ်ထားသည်။

အကယ်၍ တားမြစ်ချက်ကိုမလိုက်နာဘဲ ဂျာစီလဲလှယ်ခဲ့ပါက လဲလှယ်သောကစားသမားကို တစ်ပွဲပယ်ပြစ်ဒဏ် ချ မှတ်မည်ဖြစ်သလို တစ်ဦးတည်း ၁၂ ရက်ခန့် သီးခြားနေထိုင်ရန်လည်း ညွှန်ကြားထားသည်။

လက်ရှိအချိန်အထိ နေမာ၏အပြုအမူနှင့်ပတ်သက်၍ ယူအီးအက်ဖ်အေဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေး သော်လည်း စည်းမျဉ်းစည်းကမ်းအရမူ တစ်ပွဲပယ်ခံရမည်ဖြစ်သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ရဖွယ်ရှိနေသည်။

ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းသည် ယနေ့ညကစားမည့် ဘိုင်ယန်မြူးနစ်-လိုင်ယွန်ပွဲစဉ်မှ အနိုင်ရသော အသင်းနှင့် သြဂုတ်လ ၂၃ ရက်တွင် ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။

Ref: allfootball

Facebook Comments Box
Facebook Comment