ဂုဏ်ငယ်စရာမရှိပါ

ဘရိုက်တန်ကို အိမ်ကွင်းမှာ
ဂိုးပြတ်ရှုံးနိမ့်သွားတဲ့
အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်
အိပ်မက်က ဆုံးခန်းတိုင်ခဲ့ပြီလို့
ဆိုနိုင်ပါတယ်။ မန်စီးတီးကို
နောက်ဆုံးအချိန်အထိ
ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့်
အရာမထင်ခဲ့ပါဘူး။ အာတီတာဟာ
သူ့ရဲ့အသင်းဟောင်းကို အမြင့်ဆုံးအထိ
ဆွဲတင်ဖို့ ကြိုးစားခဲ့သေးတာပါ။

သူ မလုပ်နိုင်ခဲ့ပါဘူး။ ဒါက
ပကတိ အရှိတရားပါပဲ။ ဒါပေမဲ့
ဂန်းနားတွေအတွက်
ဒုတိယနေရာဆိုတာ
ဂုဏ်ငယ်စရာ မရှိပါဘူး။
၂၀၁၅-၂၀၁၆ ရာသီနောက်ပိုင်း
အမြင့်မားဆုံး ရပ်တည်မှု
ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့
၇ နှစ်တုန်းက ဝင်းဂါးလက်ထက်မှာ
ဂန်းနားဟာ ဒုတိယနေရာ
ရယူနိုင်ခဲ့တယ်။

ဒီနောက်ပိုင်း အဆင့် ၂ မပြောနဲ့
ချန်ပီယံလိဂ်ဝင်ခွင့်တောင်
မရခဲ့တာ ၆ နှစ်ကြာခဲ့တယ်။
ဒီမှတ်တမ်းဆိုးကို အာတီတာက
ချေဖျက်ပေးနိုင်ခဲ့တာပါ။
တကယ်ဆိုရင် အာဆင်နယ်ဟာ
ချန်ပီယံတောင် ဖြစ်သင့်တာ။
ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်ကို
နှစ်ပွဲဆက် သရေကျခဲ့တာက
ချန်ပီယံဖြစ်ခွင့်နဲ့ လွဲချော်ခဲ့တာလို့
ဆိုနိုင်ပါတယ်။

အဆိုပါနှစ်ပွဲရဲ့ ရှေ့မှာ
လီဗာပူးလ်ကို သရေ၊
နောက်မှာ မန်စီးတီးကို
ရှုံးခဲ့တာက တော်တော်လေး
ထိခိုက်စေခဲ့တယ်။ ၄ ပွဲဆက်မှာ
အမြင့်ဆုံးရနိုင်တဲ့ ၁၂ မှတ်အနက်
၃ မှတ်သာ ရခဲ့တယ်။ မန်စီးတီး
ခြေချော်ပါစေလို့ ဆုတောင်းရတာကလည်း
အသံသာ ပျောက်တယ်။
ဂွါဒီယိုလာရဲ့အသင်းက လိဂ်
၁၁ ပွဲဆက်တိုက် အနိုင်ယူပြီး
ဗိုလ်ဝင်ခံတော့မယ်။

ဒီနေရာမှာ အကောင်းဆုံးပုံစံ
ရနေတဲ့ ဖေဖော်ဝါရီလအတွင်း
အသင်းရဲ့ ဂန္ထဝင် လီဒစ်ဆင်
ပြောဖူးတဲ့ စကားတခွန်းကို
သတိရမိပါတယ်။ သူက
ချန်ပီယံ မဖြစ်ခဲ့ရင်တောင်
အာဆင်နယ်ရဲ့ ဒီရာသီ
စွမ်းဆောင်မှုက လေးစားစရာ
ကောင်းတယ်။ ခြေစွမ်းထက်နေတဲ့
လူငယ်တွေ အသင်းက
ထွက်ခွာမသွားရအောင် မက်လုံး
ပေးရမယ်ဆိုတာမျိုး ပြောခဲ့တာပါ။

အာဆင်နယ်ဟာ မန်စီးတီးကို
ဘယ်နေရာမှာမှ မယှဉ်နိုင်ပါဘူး။
တဦးချင်း စွမ်းဆောင်ရည်ကြည့်မလား၊
အရန်အင်အားကို ကြည့်မလား။
မန်ချက်စတာကလပ်က အများကြီး
အသာရခဲ့တာပါ။ ရေရှည်သွားရတဲ့
အမှတ်ပေးပြိုင်ပွဲမှာ အရန်အင်အား
တောင့်တင်းမှုက အရေးပါတဲ့
ကဏ္ဍက ပါဝင်နေတာ အားလုံးအသိပါ။
မန်စီးတီးက အလှည့်ကျစနစ်
သုံးလို့ရတယ်။

ငဖြူ မပါလည်း ငနီက သူ့လောက်တော့
အပျော့ပေါ့ဆိုတာမျိုး။ အာဆင်နယ်ကျတော့
ဒီလို မဟုတ်ပါဘူး။ ရှိပြီးသားလူတွေ
ဒဏ်ရာမရဖို့ ဆုတောင်းနေရတဲ့ဘဝ။
တကယ်တော့ အာတီတာလည်း
ဒီရာသီအတွက် ထိုက်သင့်သလောက်
ငွေသုံးခဲ့တာပဲ။ ဂျေဆူး၊ ဇင်ချန်ကို၊
ဗီအဲရာ၊ ထရိုဆက်၊ ကီဝီယာ၊
ဂျော်ဂျင်ညိုတို့အတွက် ပေါင်သန်း
၁၆၀ ကျော် သုံးခဲ့တယ်။

သူတို့နဲ့အတူ ဆာကာ၊ မာတင်နယ်လီ၊
အိုဒီဂတ်၊ အန်ခီတီယာ၊ ရှာကာ၊
ဆာလီဘာ၊ တိုမီယဆု၊ ရမ်းစ်ဒေးလ်
စတဲ့သူတွေ ပေါင်းလိုက်တော့
ဂန်းနားရဲ့ စုဖွဲ့မှုက တော်တော်လေး
အားကောင်းခဲ့တယ်။ ဒါပေမဲ့
ခက်တာက မန်စီးတီးလို တနေရာအတွက်
ဒေါင်ဒေါင်မြည် ကစားသမား
၃ ဦးလောက် ရှိမနေတာပဲ။ အဲဒီအချက်က
ချန်ပီယံဆုအတွက် အဆုံးအဖြတ်
ပေးသွားခဲ့တာပဲ။

အီဒူးနဲ့ အာတီတာတို့ ဒီရာသီမှာ
ဖြစ်ခဲ့တာတွေကို သေချာသုံးသပ်ပြီး
နွေရာသီမှာ အကောင်းဆုံး အင်အားဖြည့်ဖို့
လိုပါတယ်။ ဒါကို သူတို့လည်း
မသိတာ မဟုတ်။ သိကို သိပါတယ်။
ရှေ့၊ လယ်၊ နောက် နေရာစုံမှာ
ထိပ်တန်းတယောက်စီလောက်
ခေါ်ကို ခေါ်မှရမယ်။ မဟုတ်ရင်
ရာသီသစ်မှာ မလွယ်ရေးချ
မလွယ်ပါဘူး။ ပြိုင်ဘက်တွေကလည်း
ဒီအတိုင်း ရပ်နေမှာ မဟုတ်ဘူး။

အားနည်းချက်တွေကို သုံးသပ်ပြီး
ကစားသမားသစ်တွေ အားဖြည့်ကြလိမ့်မယ်။
ဘာပဲပြောပြော အာဆင်နယ်ရဲ့
၂၀၂၂/၂၀၂၃ ရာသီက ချီးကျူးဖို့ကောင်းတယ်။
လူငယ်တွေနဲ့ ဒီလောက် ခရီးဆက်နိုင်တာ
အာတီတာ တော်တာလည်းပါတယ်။
နွေရာသီမှာ အီဒူး ဘာတွေလုပ်ပြမလဲ
ဆိုတာ စောင့်ကြည့်ရမယ်။ ငွေကို
မှန်မှန်ကန်ကန် သုံးစွဲတတ်ဖို့လည်း
လိုအပ်ပါတယ်။ မှန်ကန်တဲ့ ခေါ်ယူမှုတွေ
ဖြစ်လာရင်တော့ ၂၀၂၃-၂၀၂၄ ရာသီမှာလည်း
အာဆင်နယ်က ပြိုင်ဘက်တွေအတွက်
ယှဉ်ပြိုင်ရခက်တဲ့ ပြိုင်ဘက်ကောင်း
ဖြစ်လာဦးမှာပဲ။

Facebook Comments Box
Facebook Comment