
ဂီတာဖေးတွင် ကစားသမားဘဝ ကုန်ဆုံးလိုဟု မိုရာတာ ဖွင့်ဟ
ဂျူဗင်တပ်စ်တိုက်စစ်မှူး အယ်ဗာရိုမိုရာတာက အက်သလက်တီကိုသည် မိခင်ကလပ် ဖြစ်သော်လည်း ကစားသမားဘဝကို ဂီတာဖေးတွင်သာ ကုန်ဆုံးလိုကြောင်း ပြောကြားလိုက်သည်။
အသက် ၂၈ နှစ်အရွယ် မိုရာတာသည် ယခုဘောလုံးရာသီ မစမီ အသင်းဟောင်း ဂျူဗင်တပ်စ်သို့ ယူရို ၁၀ သန်းတန်ကြေးရှိ တစ်ရာသီအဌားဖြင့် လာကစားနေခြင်းဖြစ်ပြီး စာချုပ်ပြည့်ပါက နောက်ထပ် ယူရို ၃၅ သန်းပေး၍ ခေါ်ယူနိုင်မည့်အချက် ထည့်သွင်းထားကာ ယခုရာသီတွင် စီးရီးအေ ၂ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၈ ပွဲ၌ ၆ ဂိုး သွင်းယူထားသည်။
စပိန်လက်ရွေးစင် ၎င်းသည် လူငယ်ကစားသမားဘဝကို အက်သလက်တီကို၊ ဂီတာဖေး၊ ရီးရဲလ်မက်ဒရစ်တို့တွင် စတင်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၁၀ ပြည့်နှစ်၌ ရီးရဲလ်နှင့် စတင်ခဲ့သည်။
၎င်းသည် ကစားသမားဘဝတစ်လျှောက် ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ ချဲလ်ဆီး၊ အက်သလက်တီကိုတို့တွင် ကစားခဲ့ပြီး ငယ်ဘဝကလပ် ဂီတာဖေးတွင်မူ တစ်ကြိမ်မှ ကစားခဲ့ခြင်း မရှိပေ။
စပိန်အသင်းအတွက် ၃၃ ပွဲတွင် ၁၇ ဂိုးသွင်းထားသော မိုရာတာက အက်သလက်တီကိုဂျာစီအား နောက်တစ်ကြိမ် ထပ်မံဝတ်ဆင်ရန် မသေချာသော်လည်း လတ်တလောတွင်မူ တူရင်၌ ပျော်ရွှင်နေသည်ဟုလည်း ဆိုသည်။
၎င်းက “ဒီရာသီမှာ အက်သလက်တီကို လာလီဂါမှာ ဗိုလ်စွဲနိုင်မယ်လို့ မျှော် လင့်ပါတယ်။ ဒီအတွက်လည်း သူတို့ဟာ ပွဲတိုင်းကို တိုက်ပွဲဝင်နေသလို ကစားပုံကလည်း အရမ်းကောင်းပါတယ်။ ကျွန်တော် မြင်တာကတော့ သူတို့ဟာ မက်ဒရစ်နဲ့ ဘာကာထက် ပိုကောင်းတယ်လို့ မြင်တယ်။
ကျွန်တော် နောက်ဆုံးဝတ်ချင်တဲ့ ဂျာစီကတော့ ဂီတာဖေးဂျာစီပါပဲ။ ကလပ်ဥက္ကဋ္ဌ၊ အဲဒီက လူတွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်” ဟု ပြောသည်။
Ref:ElMundo