ဂိုး ၁၀၀၀၀ ပြည့် သွင်းနိုင်ခဲ့၍ လီဗာပူးလ် တိုက်စစ်မှူး ယိုတာ ကျေနပ်

ယမန်နေ့ညက ကစားခဲ့သော ချန်ပီယံလိဂ်ပွဲတွင် လီဗာပူးလ်သည် အိမ်ကွင်း အန်ဖီးလ်တွင် မစ်ဂျယ်လန်းအား ၂ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဒီယိုဂိုယိုတာနှင့် ဆာလက်တို့က တစ်ဂိုးစီ သွင်းယူခဲ့သည်။

ထူးခြားချက်က ပွဲချိန် ၅၅ မိနစ်တွင် ယိုတာ သွင်းယူခဲ့သော အဖွင့်ဂိုးမှာ လီဗာပူးလ်အသင်း၏ သမိုင်းတစ်လျှောက် ဂိုး ၁၀၀၀၀ ပြည့်မြောက်သည့် သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

၁၈၉၂ ခုနှစ်၊ ဇွန်လ ၃ ရက်တွင် စတင်တည်ထောင်ခဲ့သော လီဗာပူးလ်သည် သက်တမ်းအားဖြင့် ၁၂၈ နှစ် ရှိသွားပြီဖြစ်ပြီး ပထမဆုံးဂိုးကို သွင်းယူခဲ့သူက ဂျော့ခ်စမစ်ဖြစ်ကာ လန်ကက်ရှိုင်းယားလိဂ် ပွဲစဉ်အဖြစ် ဟိုက်ဂါးဝေါ်လ်တန် အသင်းအား ၈-၀ ဂိုးဖြင့် အနိုင်ရသောပွဲတွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။

ဝုဗ်မှ ပေါင် ၄၅ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ် ၂ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၃ ဂိုးသွင်းထားသော အသက် ၂၃ နှစ်အရွယ်ယိုတာက “ကျွန်တော့်ဘဝအတွက် ကြီးကျယ်တဲ့ အခိုက်အတန့်ပါပဲ။ ကလပ်ရဲ့ ၁၀၀၀၀ ပြည့်မြောက်တဲ့ဂိုးကို သွင်းယူနိုင်ခဲ့သလို နိုင်ပွဲလည်း ရယူနိုင်ခဲ့ပါတယ်။ နောက်လာမယ့် ပွဲတွေမှာလည်း ဂိုးတွေသွင်းနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ပြောသည်။

ယိုတာ ဂိုးသွင်းနိုင်စေရန် ဖန်တီးပေးနိုင်ခဲ့သော နောက်ခံလူ အာနိုးကလည်း သမိုင်းဝင် အခိုက်အတန့်တစ်ခုတွင် ပါဝင်နိုင်ခဲ့၍ ဂုဏ်ယူမိသည်ဟု ဆိုသည်။

၎င်းက “ကောင်းမွန်တဲ့ ဂိုးတစ်ဂိုးဖြစ်ပြီး ဒီယိုဂိုကလည်း အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တမ်းမှာ ပါဝင်ခွင့်ရခဲ့သလို အထင်ကရ အောင်မြင်မှုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်” ဟု ပြောသည်။

Ref:goal

Facebook Comments Box
Facebook Comment