ဂါစီယာကို မန်စီးတီးတွင် ဆက်ထိန်းထားနိုင်ရေး ဖျောင်းဖျနိုင်ရန် ဂွါဒီယိုလာ မျှော်လင့်နေ

ပက်ဂွါဒီယိုလာက အဲရစ်ဂါစီယာကို မန်စီးတီး၌ ဆက်လက်ထိန်းထားနိုင်ရေး ဖျောင်းဖျနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားလိုက်သည်။ အသက် ၁၉ နှစ်ရှိ စပိန်လက်ရွေးစင် ဗဟိုနောက်ခံလူသည် ယခုရာသီအကုန်တွင် မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်မချုပ်ဘဲ ထွက်ခွာမည် ဖြစ်ကြောင်း ကြေညာထားသည်။

ဘာစီလိုနာသည် ကစားသမားဟောင်းဂါစီယာကို ခေါ်ယူရေးအတွက် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက ကြိုးပမ်းခဲ့သော်လည်း ကလပ်နှစ်ခုအကြား သဘောတူညီမှု မရရှိခဲ့ချေ။ စပိန်ထိပ်သီးသည် လာမည့် ဆောင်းရာသီ အပြောင်း အရွှေ့ဈေးကွက်တွင် ဂါစီယာကို ခေါ်ယူရေး ထပ်မံ ကြိုးပမ်း လာဦးမည် ဖြစ်သည်။ သို့ရာတွင် ဂွါဒီယိုလာကမူ ဗဟိုနောက်ခံလူကို အီတီဟတ်တွင် ဆက်ထိန်းထားနိုင်ရန် မျှော်လင့်နေသည်။

ဂွါဒီယိုလာက “သူက ထွက်ခွာချင်ခဲ့တာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူ ဆက်နေခဲ့ရပါတယ်။ ဒီနှစ်မှာ သူ့ကို စာချုပ်သက်တမ်းတိုးနိုင်အောင် ဖျောင်းဖျ နိုင်ဖို့ ရှိပါတယ်။ သူက အရမ်းတည်ငြိမ်တဲ့သူပါ။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်” ဟု ပြောကြားသွားသည်။

ဂွါဒီယိုလာသည် နသန်အကဲနှင့် လာပေါ်တီတို့ ဒဏ်ရာကြောင့် အနားယူနေရ၍ ပေါ်တိုနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အဲရစ်ဂါစီယာကို အသုံးပြုသွားသည်။ ဂွါဒီယိုလာသည် အင်္ဂလန်နောက်ခံလူဂျွန်စတုန်းကို အရန်ခုံတွင်ပင် ဆက်ထားသွားပြီး ပွဲပြီးခါနီး၌ ဒဏ်ရာရရှိသွားသည့် ဖာနန်ဒင်ဟိုနေရာတွင် အစားထိုးခဲ့သည်။

Facebook Comments Box
Facebook Comment