ဂရီးစ်၏ စံချိန်ကို ရိုက်ချိုးရန် ဟယ်ရီကိန်း မတွေး

စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းက ဂျမ်မီဂရီးစ်၏ စံချိန်ကို ရိုက်ချိုးရေးအပေါ် မတွေးကြောင်း ပြောကြားလိုက်သည်။ ကိန်းသည် ကြာသပတေးနေ့က ယူရိုပါလိဂ်ပွဲတွင် စပါးစ်အတွက် ဂိုး ၂၀၀ ပြည့်ခဲ့သည်။

ကိန်းသည် ဘူလ်ဂေးရီးယား၌ လူဒိုဂိုရက်စ်အား စပါးစ်က ၃-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် လူးကပ်စ်မော်ရာ၏ ထောင့်ကန်ဘောမှ ဂိုးသွင်းနိုင်ခဲ့သည်။ သူသည် စပါးစ်အတွက် ပွဲ ၃၀၀ ကစားထားရာတွင် ဂိုး ၂၀၀ ပြည့်သွင်းပြီ ဖြစ်သည်။ စပါးစ်သည် လူဒိုဂိုရက်စ်အား အနိုင်ရရှိခဲ့မှုကြောင့် ယူရိုပါလိဂ်အုပ်စု(ည)တွင် ထိပ်ဆုံးနေရာ၌ ရပ်တည်ထားနိုင်သည်။

ဟယ်ရီကိန်း၏စပါးစ်အတွက် ဂိုး ၂၀၀ တွင် ခြေညာဖြင့် ၁၂၁ ဂိုး၊ ဘယ်ခြေဖြင့် ၄၄ ဂိုး၊ ခေါင်းဖြင့် ၃၄ ဂိုး၊ အခြားခန္ဓာကိုယ်အစိတ်အပိုင်းဖြင့် ၁ ဂိုး သွင်းထားသည်။ ဂိုး ၂၀၀ မှ ၁၇၇ ဂိုးကို ဧရိယာ အပြင်က သွင်းထားပြီး ၂၃ ဂိုးကို ဧရိယာအပြင်မှ သွင်းထားသည်။ ယင်းမှာ ဂိုး ၃၀ မှာ ပင်နယ်တီမှ သွင်းယူထားခြင်းဖြစ်ပြီး ၁ ဂိုးမှာ ဖရီးကစ်မှ ရရှိခြင်း ဖြစ်သည်။

ယခုအခါ သူသည် စပါးစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူများစာရင်း၌ အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ဒုတိယနေရာမှ ဘော်ဘီစမစ်နှင့် ၈ ဂိုး၊ ထိပ်ဆုံးမှ ဂရီးစ်နှင့် ၆၆ ဂိုး ကွာဟနေသည်။ ကိန်းအနေဖြင့် ယခုရာသီအတွင်းတွင် စပါးစ်၏ ဒုတိယဂိုးအများဆုံးသွင်းယူဖြစ်လာနိုင်သော်လည်း ဂရီးစ်၏ စံချိန်ကို ရိုက်ချိုးရန် နောက်ထပ် နှစ်ရာသီကြိုးပမ်းရဖွယ်ရှိသည်။

ဟယ်ရီကိန်းက “ဒါနဲ့ပတ်သက်ပြီး ခေါင်းထဲမှာ မရှိပါဘူး။ တစ်ချိန် ကျွန်တော်ကျော်ဖြတ်သွားတဲ့အချိန်မှာ ခင်ဗျားတို့က ကျွန်တော့်ကို အသိပေးလာမှာပါ။ ကစားနေတဲ့အချိန်မှာ ဒါတွေကို သယ်ဆောင်သွားဖို့ ခက်ခဲပါတယ်။ ကစားသမားဘဝအဆုံးသတ်တဲ့အချိန်မှာ ဒါတွေကို အားလုံး ပြန်ယူရတာမျိုးပါ။ အချိန်ကုန်တာ အရမ်းမြန်တယ်။ စပါးစ်အတွက် ပထမဆုံးဂိုးကို မနေ့တုန်းက သွင်းထားသလို ခံစားနေရတုန်းပါ။ ဂိုး ၂၀၀ ပြည့်သွင်းနိုင်တာ ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုပါ။ နောက်ထပ်တချို့ ထပ်လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်”ဟု ပြောကြားသွားသည်။

စပါးစ်သည် လာမည့် တနင်္ဂနွေနေ့တွင် ဝက်စ်ဘရွန်းကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment