
ဂရစ်ဇ်မန်းအတွက် နေရာအာမခံချက် မရှိကြောင်း ဒက်စ်ချမ့် ပြောကြား
ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒက်စ်ချမ့်က ဘာစီလိုနာတိုက်စစ်မှူး ဂရစ်ဇ်မန်းအနေဖြင့် လက်ရွေးစင်အသင်းတွင် ပုံမှန်ပွဲကစားခွင့်တစ်နေရာ ရရှိမည်ဟု အာမခံချက် မပေးနိုင်ကြောင်း ပြောကြားလိုက်သည်။
အသက် ၂၉ နှစ်အရွယ် ဂရစ်ဇ်မန်းသည် ၂၀၁၄ ခုနှစ်မှစကာ ပြင်သစ်လက်ရွေးစင် အသင်းအတွက် ကစားလျက်ရှိပြီး ၈၂ ပွဲတွင် ၃၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ပေးထားသည်။
၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ဂရစ်ဇ်မန်းသည် ၂၀၁၉ ခုနှစ်တွင် ဘာစီလိုနာသို့ ပေါင် ၁၀၈ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရပြီး ယမန်နှစ်ရာသီက ပြိုင်ပွဲစုံ ၄၈ ပွဲတွင် ၁၅ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ယခုရာသီတွင်လည်း ၎င်းသည် လာလီဂါ ၃ ပွဲကစားပြီးချိန်တွင်လည်း ဂိုးပေါက်ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ဒက်စ်ချမ့်သည် လွန်ခဲ့သည့်တစ်ပတ်က ဂရစ်ဇ်မန်းသည် ဘာစီလိုနာတွင် ကစားရသည့် နေရာနှင့်ပတ်သက်၍ မပျော်မရွှင် ဖြစ်နေသည်ဟု ပြောကြားဖူးသည်။
ယနေ့ည ခရိုအေးရှားနှင့် မကစားမီ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒက်စ်ချမ့်က “ဂရစ်ဇ်မန်းနဲ့ပတ်သက်ပြီး ဘယ်အရာကမှ အာမခံချက် မရှိပါဘူး။ သူ့လိုပဲ ပေါ်တူဂီနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ တခြားကစားသမားတွေလည်း အာမခံချက် မရှိပါဘူး။
သူ့ရဲ့ပါရမီနဲ့ အသင်းအပေါ် ပေးခဲ့တာတွေကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့လည်း ပုံမှန်ကစားခွင့် ရမယ်လို့တော့ ကျွန်တော် အာမခံချက် မပေးချင်ပါဘူး” ဟု ပြောသည်။
Ref:L’Equipe