ဂန္ထဝင်တယောက်ရဲ့ ကာရန်အလွဲများ

ဘွန်ဒက်စ်လီဂါကတော့
တခန်းရပ်သွားပြီ။ ကံကောင်းမှုတွေနဲ့ပဲ
ဘိုင်ယန်က ချန်ပီယံဖလားကို
၁၁ ကြိမ်ဆက်တိုက် ပိုင်ဆိုင်ခဲ့တယ်။
မြူးနစ်အသင်း ဗိုလ်စွဲတာ
ထိုက်တန်ပါတယ်။ ဆယ်လလောက်
ပြိုင်ဆိုင်ရတဲ့ အမှတ်ပေးပြိုင်ပွဲမှာ
ကံကောင်းလို့ ဗိုလ်စွဲတယ်ဆိုတာ
မရှိပါဘူး။

ကံဆိုတာ အလုပ်ပဲ။ အလုပ်ကို
အကောင်းဆုံး လုပ်ခဲ့တာကြောင့်
ထိုက်တန်တဲ့ရလဒ်ကို
ရယူနိုင်တာပါ။ ဘိုင်ယန်ရဲ့
အောင်မြင်မှုကို ကျွန်တော်တို့
လက်ခံတယ်။ ဒါပေမဲ့
ဒုတိယဆုရှင် ဒေါ့မွန်က အားလုံးရဲ့
ကရုဏာသက်မှုကို ရယူခဲ့တယ်။

ပင်နယ်တီမဝင်တဲ့ ဟော်လာကိုပဲ
အပြစ်တင်ရမလား။ နောက်ဆုံးပွဲကျမှ
အမှားမှား အယွင်းယွင်းဖြစ်ခဲ့တဲ့
ဖြစ်စဉ်ကြီးကိုပဲ ပုံချရမလား။
အခုတော့ အရာအားလုံးက
ပြီးဆုံးသွားခဲ့ပြီ။ အနိုင်ရသူက
ပျော်လို့ မော်လို့။ အရှုံးသမားကတော့
ကွင်းထဲမှာ ခေါင်းငိုက်စိုက်နဲ့။

ရီးရဲလ်ကိုသွားမယ့် ဘယ်လင်ဂမ်လေးလည်း
မျက်ရည်ကျတယ်။ ဒေါ့မွန်
တသင်းလုံးပဲ။ အားလုံးရဲ့မျက်နှာက
မျက်ရည်တွေစို့လို့။ အဲဒီအထဲမှာ
အသင်းခေါင်းဆောင် မာကိုရူးစ်ကို
အားလုံးက စာနာသနားပေးခဲ့ကြတယ်။

သူ ဒေါ့မွန်ကိုရောက်လာတာ
ဆယ်စုနှစ်တခုကျော်နေပြီ။ တိတိကျကျ
ဆိုရရင် ဒီနှစ်က ၁၁ နှစ်မြောက်။
အခုထိ ၁၁ မီး မငြိမ်းသေးဘူး။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမစမီ
ရက်ပိုင်းအလိုမှာ ဒဏ်ရာရသွားလို့
ချန်ပီယံဖြစ်မယ့် ဂျာမနီအသင်းကနေ
နုတ်ထွက်ခဲ့ရတဲ့ မာကိုရူးစ်ရဲ့
ကံဆိုးမှုတွေက မပြီးဆုံးနိုင်သေးဘူး။

ဒေါ့မွန်အသင်း ဘွန်ဒက်စ်လီဂါချန်ပီယံ
နောက်ဆုံးရယူခဲ့တဲ့ ၂၀၁၁/၁၂ ရာသီအပြီးမှာ
Signal Iduna Park ကိုရောက်လာတဲ့
မာကိုရူးစ်ဟာ အခုချိန်အထိ
အမှတ်ပေးဖလားကို ကိုင်မြှောက်ခွင့်
မရသေးပါဘူး။ သူ့လို ကစားသမားဟာ
ဘွန်ဒက်စ်လီဂါဖလားကို ရသင့်တာပေါ့။

ဒါပေမဲ့ ကံတရားက သူ့ဘက်မှာ
ရှိမနေဘူး။ ၁၁ နှစ်အတွင်း
ဒုတိယ ၇ ကြိမ်ရခဲ့တာက သူ့အတွက်
အမြင့်မားဆုံး အမှတ်ပေးရပ်တည်မှုပဲ။
ပထမဆုံး အမှတ်ပေးဖလားကို
ကိုင်မြှောက်ခွင့်ရဖို့ လုပ်နိုင်စွမ်းထက်
ပိုအားထုတ်တယ်။ အလုပ်ကို
ကြိုးစားလုပ်တယ်။ ဒါပေမဲ့
အရာမထင်ခဲ့ဘူး။

တကောင်တည်းပြေးတဲ့
လယ်သမားလိဂ်မှာ ခေါင်သူကြီးဖြစ်တဲ့
ဘိုင်ယန်ကို ဘယ်လိုမှ မကျော်နိုင်ဘူး
ဖြစ်နေတာ။ ၂၀၁၈/၁၉ တုန်းကလည်း
အခုလိုပဲ ဘိုင်ယန်နဲ့ ဒေါ့မွန်
နောက်ဆုံးပွဲစဉ်အထိ ဖိုက်ခဲ့ရသေးတယ်။
ဒါပေမဲ့ အဲဒီတုန်းက ဘိုင်ယန်က
၂ မှတ်ပြတ်နဲ့ အပေါ်စီးကရှိခဲ့တာ။

ကိုယ်စီနိုင်ပွဲရခဲ့တော့ မြူးနစ်သားတွေပဲ
အောင်ပွဲခံခဲ့တာပေါ့။ ဒီနှစ်တော့
ဒေါ့မွန်က ကိုယ့်ကြမ္မာ ကိုယ်တိုင်
ဖန်တီးခွင့်ရပါလျက်နဲ့ အသုံးမချနိုင်ခဲ့တာ။

ယာဂန်ကလော့ပ် ပြောဖူးတဲ့
စကားတခွန်းရှိတယ်။ မာကိုရူးစ်က
ဘွန်ဒက်စ်လီဂါဖလားနဲ့
ထိုက်တန်တဲ့သူတဲ့။ ဒါပေမဲ့
သူ့တပည့်ဟောင်းက အခုချိန်ထိ
ကံခေနေတုန်းပဲ။ သူလို
ကစားသမားမျိုးက ဂျာမန်
အမှတ်ပေးဖလားကြီးနဲ့ မထိုက်တန်ဘူးလား။

Facebook Comments Box
Facebook Comment