ဂန္ထဝင်ကြီးကို ဝေဖန်လိုက်တဲ့ ဆော်ဒီဒါရိုက်တာ

အယ်နာဆာဒါရိုက်တာတဦးက မြင့်မားသည့်လစာဖြင့် ခေါ်ယူထားသည့် တိုက်စစ်မှူးရော်နယ်ဒိုအပေါ် အားမလိုအားမရ ပြောကြားနေသည့် ဗီဒီယိုဖိုင်တခု ထွက်ပေါ်လာသည်။

ထို့ကြောင့် ရွှေဘောလုံးဆု ၅ ဆုရှင်၏ အရှေ့အလယ်ပိုင်း စွန့်စားခန်းခရီးက မရေရာသည့် အခြေအနေဖြစ်နေကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

ယခင်တပတ်က ကစားသော ဆော်ဒီစူပါဖလားပွဲတွင် အယ်အစ်တီဟတ်က အယ်နာဆာအား ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့သည်။

ဆော်ဒီသို့ရောက်လာပြီး ဒုတိယမြောက် ကစားသည့်ပွဲမှာပင် ရော်နယ်ဒိုသည် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး အယ်နာဆာပရိသတ်များ၏ မြင့်မားသော မျှော်လင့်ချက်များကြောင့်လည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ထိုအချိန်တွင် အယ်နာဆာအသင်း၏ ဒါရိုက်တာတဦးဟုဆိုသူတဦး၏ ဗီဒီယိုဖိုင် လူမှုကွန်ရက်များထက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒီက ထွက်သွားတော့။ ငါက ရော်နယ်ဒိုအတွက် ယူရိုသန်း ၂၀၀ သုံးထားတာ။ သူ(ရော်နယ်ဒို)ကတော့ Siiiuuu ကို ဘယ်လိုလုပ်ရမလဲဆိုတာလောက်ပဲ သိတယ်။

အဲဒါတော့ မဖြစ်နိုင်ပါဘူး” ဟု ဒေါသတကြီးပြောနေသည်ကို ဗီဒီယိုဖိုင်ထဲ တွေ့ရသည်။

ရော်နယ်ဒိုသည် အယ်နာဆာနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ထားခြင်းဖြစ်သည်။

Ref:indianexpress

Facebook Comments Box
Facebook Comment