ခြေထောက်ဒဏ်ရာကြောင့် ဆောက်သမ်တန်နှင့်ပွဲကို ရိုဒရီဂွက်ဇ် လွဲချော်မည်

အဲဗာတန်နည်းပြ အန်ဆလော့တီက မာဆေးဆိုက်ဒါဘီတွင် ခြေထောက်ဒဏ်ရာရခဲ့သော တောင်ပံကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ဆောက်သမ်တန်နှင့်ပွဲအား လွဲချော်ရမည်ဟု ပြောသည်။

ယခုရာသီမစမီ ရီးရဲလ်မက်ဒရစ်မှ ၂ နှစ်အဌားဖြင့် ရောက်ရှိလာသော ၂၉ နှစ်အရွယ် ရိုဒရီဂွက်ဇ်သည် ပရီးမီးယားလိဂ် ၅ ပွဲကစားအပြီး ၃ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးကာ အဲဗာတန်အား အမှတ်ပေးဇယား ထိပ်ဆုံးနေရာသို့ တက်ရောက်နိုင်စေရန် ကူညီပေးထားသည်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရွှေဖိနပ်ဆုရှင် ၎င်းသည် လီဗာပူးလ်နှင့် ၂ ဂိုးစီ သရေကျသော မာဆေးဆိုက်ဒါဘီ ပွဲချိန်အစပိုင်းမှာပင် ဗန်ဒိုက်နှင့်တိုက် မိကာ လဲကျသွားပြီးနောက် ခြေထောက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

ရိုဒရီဂွက်ဇ်သည် လီဗာပူးလ်နှင့်ပွဲတွင် ပွဲအစအဆုံး ကစားသွားခဲ့သော်လည်း ခြေထောက်ဒဏ်ရာက အောက်တိုဘာ ၂၅ ရက် ဆောက်သမ်တန်နှင့် ကစားမည့် အဝေးကွင်းပွဲစဉ် မတိုင်မီ ပြန်လည်သက်သာလာဖွယ် မရှိကြောင်း အန်ဆလော့တီက ဆိုသည်။

“ကံမကောင်းစွာပဲ ဟာမီးစ်ဟာ ပွဲကစားနေချိန်အတွင်း ဒဏ်ရာရခဲ့ပါတယ်။ ပွဲအစပိုင်းမှာတင် သူဟာ ဗန်ဒိုက်နဲ့ တိုက်မိခဲ့ပြီး ဒဏ်ရာရခဲ့တာပါ။ သူ့အနေနဲ့ ဆောက်သမ်တန်နဲ့ ကစားမယ့်ပွဲမှာ မပါနိုင်လောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု အန်ဆလော့တီက ပြောသည်။

ဆောက်သမ်တန်နှင့်ပွဲအား ရိုဒရီဂွက်ဇ် လွဲချော်ရမည်ဖြစ်သလို အသင်းခေါင်းဆောင် ညာနောက်ခံလူ ဆီးမက်စ်ကိုးလ်မန်းကလည်း ဒဏ်ရာကြောင့် ၂ ပတ်မှ ၃ ပတ်ကြား အနားယူရမည်ဟု အန်ဆလော့တီက အတည်ပြုသည်။

Ref:dailymail

Facebook Comments Box
Facebook Comment