ခြေစမ်းပွဲကလိုမျိုး ဂိုးသွင်းနိုင်တော့မည်မဟုတ်ဟု ဝါနာကို ဘရိုက်တန်ကပ္ပတိန် သတိပေး

ဘရိုက်တန်ကပ္ပတိန် လူးဝစ်ဒန့်ခ်က ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာအနေဖြင့် ယနေ့ညကစားမည့်ပွဲတွင် ရာသီကြိုခြေစမ်းပွဲကစားစဉ်ကလိုမျိုး မိမိတို့အသင်းဘက်သို့ ဂိုးသွင်းနိုင်တော့မည်မဟုတ်ကြောင်း သတိပေးပြောကြားသည်။

ချဲလ်ဆီးနှင့် ဘရိုက်တန်တို့သည် သြဂုတ်လ ၂၉ ရက်က အေမက်စ်ကွင်းတွင် ရာသီကြိုခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီသရေကျခဲ့သည်။

အဆိုပါပွဲတွင် ပွဲအစ ၄ မိနစ်မှာပင် လိုက်ပ်ဇစ်မှ ပေါင် ၄၇ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာသော ဝါနာက ပွဲအစ ၄ မိနစ်မှာပင် ချဲလ်ဆီးအတွက် အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း ပွဲပြီးခါနီးတွင် ဘရိုက်တန်ကွင်းလယ်လူ ပါစကယ်ဂရော့စ်က ပင် နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းခဲ့သောကြောင့် သရေကျခဲ့သည်။

ယနေ့ညတွင် အဆိုပါနှစ်သင်းသည် ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် အေမက်စ်ကွင်းမှာပင် ထပ်မံရင်ဆိုင်ကြရမည်ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၁ ပွဲကစားဖူးသော ဘရိုက်တန်နောက်ခံလူ လူးဝစ်ဒန့်ခ်က ခြေစမ်းပွဲကလိုမျိုး ဂိုးသွင်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခြင်းမရှိရန် သတိပေးလိုက်ခြင်းဖြစ်သည်။

ဘရိုက်တန်အသင်းအတွက် ပြိုင်ပွဲစုံ ၃၀၆ ပွဲတွင် ၁၉ ဂိုးသွင်းထားသော လူးဝစ်ဒန့်ခ်က “သူ(ဝါနာ)က ခြေစမ်းပွဲတုန်းက ကျွန်တော်တို့ဘက်ကို ဂိုးသွင်းခဲ့တယ်။ ဒါပေမဲ့ ဒီညပွဲမှာတော့ အဲဒီလိုမျိုး သူထပ်မလုပ်နိုင်ဘူးလို့ မျှော်လင့်ပါတယ်။ ကျွန်တော် သူ့ကို တားဆီးနိုင်မှာပါ” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ဘရိုက်တန်ကလည်း တိုးတက်မှုရှိလာသည့် အသင်းဖြစ်သောကြောင့် ချဲလ်ဆီးကိုရင်ဆိုင်ရန် အဆင်သင့်ရှိနေပြီဟုလည်း ကြုံးဝါးသည်။

လူးဝစ်ဒန့်ခ်က “ချဲလ်ဆီးကစားသမားအချို့ ဒီညပွဲကို လွဲချော်ဖို့ရှိတယ်။ ခြေစမ်းပွဲနဲ့ ကွဲပြားခြားနားတဲ့ ပရီးမီးယားလိဂ်ပွဲကို ယှဉ်ပြိုင်ရမှာပါ။ ကျွန်တော်တို့ကတော့ ဘယ်အရာကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ အကောင်းဆုံးခြေစွမ်းနဲ့ ချဲလ်ဆီးကို ဧည့်ခံကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ပြောသည်။

Ref:brightonindependent

Facebook Comments Box
Facebook Comment