ချဲလ်ဆီး၏ ပင်နယ်တီ ကန်သူ နေရာကို ဂျော်ဂျင်ဟိုထံမှ ဝါနာ လွဲပြောင်း ရယူမလား?

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်က ဂျော်ဂျင်ဟိုကို ချဲလ်ဆီး၏ ပင်နယ်တီ ကန်သွင်းသူအဖြစ် ဆက်ထား/မထားကို ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမားသည် ဗုဒ္ဓဟူးနေ့တုန်းက ခရက်စ်နိုဒါကို ၄-၀ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ယခုရာသီ ဒုတိယမြောက်ပင်နယ်တီလွဲချော်မှု ဖြစ်ခဲ့သည်။

ချဲလ်ဆီးသည် ဂျော်ဂျင်ဟို ပင်နယ်တီ လွဲချော်ခဲ့သော်လည်း ကူလ်လမ်ဟတ် ဆင်အိုဒွိုင်း၊ တီမိုဝါနာ၊ ဟာကမ်ဇီယက်ချ်၊ ခရစ္စတီယန်ပူလီဆင်တို့၏ဂိုးများဖြင့် ရုရှား၌ ခရက်စ်နိုဒါကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည်။

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် လိုက်ဇစ်မှ ပေါင် ၄၅ သန်းဖြင့် ပြောင်းလာခဲ့သည့် တီမိုဝါနာသည် ဂျော်ဂျင်ဟို လူစားလဲခံရပြီးတွင် ရရှိသည့် ဒုတိယမြောက်ပင်နယ်တီကို အပိုင်ကန်သွင်းကာ ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

ဖရန့်လမ်းပတ်က ဂျော်ဂျင်ဟို၏ အလွန်ကောင်းမွန်သည့် ပင်နယ်တီ မှတ်တမ်းများ ကြောင့် သူ့အပေါ်တွင် ယုံကြည်နေဆဲ ဖြစ်ကြောင်း၊ သို့ရာတွင် အီတလီကွင်းလယ် ကစားသမားအား ချဲလ်ဆီး၏ပင်နယ်တီ ကန်သွင်းသူအဖြစ် ဆက်ထားရေး/မထား ရေးကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖွင့်ဟလာသည်။

ဖရန့်လမ်းပတ်က “ဂျော်ဂျင်ဟိုမှာ အရမ်းကောင်းတဲ့ပင်နယ်တီမှတ်တမ်းရှိပါတယ်။ အထူးသဖြင့်ချဲလ်ဆီးမှာပါ။ ပင်နယ်တီများများကန်လာတဲ့အခါ တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်တော့ လွဲနိုင်ပါတယ်။ ကျွန်တော်လည်း ကစားသမားတစ်ဦးအဖြစ် ဒါမျိုး ကြုံဖူးပါတယ်။ သူ့ရဲ့ ပင်နယ်တီကန်စတိုင်နဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကလပ်မှာ ပင်နယ်တီကန်ကောင်းတဲ့သူတွေရှိပါသေးတယ်။ ကျွန်တော်တို့ ရှေ့ဆက်ဘယ်လိုသွားကြမလဲဆိုတာ ကစားသမားတွေနဲ့ စကားပြောသွားပါမယ်”ဟု ပြောကြားသွားသည်။

ဂျော်ဂျင်ဟိုသည် ယခုရာသီတွင် ပင်နယ်တီ ငါးကြိမ်ကန်သွင်းရာတွင် ၃ ကြိမ် ဂိုးဝင်ပြီး ၂ ကြိမ် လွဲချော်ထားသည်။ လက်ရှိအနေအထားကြောင့် ဂျာမနီ တိုက်စစ်မှူးဝါနာမှာ ဂျော်ဂျင်ဟို၏ပင်နယ်တီကန်သွင်းသူ နေရာအား ရယူရန် အခွင့်အရေးကောင်းများ ရရှိလာပြီ ဖြစ်သည်။

Facebook Comments Box
Facebook Comment