ချဲလ်ဆီးအသင်း တဖြည်းဖြည်းအကောင်းဆုံးပုံစံ ရလာပြီဟု လမ်းပတ် ပြောကြား

ဖရန့်လမ်းပတ်က ချဲလ်ဆီးအသင်း၏ ယုံကြည်မှုမှာ မြင့်မားလာလျက်ရှိကြောင်း ပြောကြားလိုက်သည်။ ဖရန့်လမ်းပတ်၏ ချဲလ်ဆီးသည် စနေနေ့တုန်းက ဘန်လေကို အဝေးကွင်းတွင် ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ၂ ပွဲဆက် နိုင်ပွဲ ရရှိခဲ့သည်။

ချဲလ်ဆီးအတွက် အနိုင်ဂိုးများကို ဟာကမ်ဇီယက်ချ်၊ ကတ်ဇူးမားနှင့် တီမိုဝါနာတို့က သွင်းယူခဲ့ကြသည်။ ချဲလ်ဆီးသည် ဘန်လေနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၄ နေရာသို့ တက်လှမ်းလာပြီး ထိပ်ဆုံးမှ အဲဗာတန်နှင့် ရမှတ် ၁ မှတ်သာ ကွာဟတော့သည်။

ချဲလ်ဆီးသည် ရာသီအစပိုင်းတုန်းက ခံစစ်ပိုင်း ပြဿနာနှင့် ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံးလေးပွဲဆက်တိုက် ဂိုးပေးထားရခြင်းမရှိချေ။ ၎င်းတို့သည် အောက်တိုဘာလ ၁၇ ရက်နေ့တုန်းက ဆောက်သမ်တန်နှင့် သုံးဂိုးစီသရေကျသည့်ပွဲပြီးနောက် ဆီဗီလာ၊ မန်ချက်စတာယူနိုက်တက်၊ ခရက်စ်နိုဒါ၊ ဘန်လေစသည့်ပွဲလေးပွဲဆက်တိုက် ဂိုးမပေးထားပါဘူး။

လမ်းပတ်သည် ဘန်လေနှင့်ပွဲစဉ်တွင် ၄-၃-၃ ကစားကွက်ကို ပထမဆုံးအကြိမ်အဖြစ် ပြောင်းအလဲ သုံးပြုခဲ့သည်။

လမ်းပတ်က “အရမ်း ပြီးပြည့်စုံတဲ့ ခြေစွမ်းလို့ ထင်တယ်။ ဒီနေရာက လာကစားရတာ ခက်ခဲတယ်။ သူတို့က ကစားရ အရမ်းခက်ခဲတယ်။ ကျွန်တော်က အာရုံစူးစိုက်မှုကို ပထမဆုံးဦးစားပေးထားထားတယ်။ ဒုတိယက ဘောလုံးကစားတဲ့အခါ ပိုပြီးတော့တိုးတက်လာဖို့ပါ။ ဒီနေ့ကစားပုံအတွက် အရမ်းကျေနပ်ရပါတယ်။ ဘောလုံးပေးပို့မှုနဲ့ ရွှေ့လျားမှုအချို့တို့က ပွဲအစကနေ အဆုံးအထိ ကောင်းခဲ့တယ်။ အရမ်းကောင်းတဲ့ ခြေလှမ်းတစ်ခု လှမ်းလိုက်နိုင်ပြီလို့ ခံစားရပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ခရီးလမ်းဆုံး ရောက်ဖို့ နီးစပ်လာပါပြီ”ဟု ပြောကြားသွားသည်။

၂၀၂၀ ခုနှစ်အတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ချဲလ်ဆီးအပါအဝင် ကလပ်အများစုမှာ ရာသီကြိုလေ့ကျင့်ခန်းဆင်းရန် အချိန်အနည်းငယ်သာ ရရှိခဲ့သည်။ လမ်းပတ်မှာ ယခုနွေတွင် ကစားသမားသစ် ခြောက်ဦးခေါ်ထားမှုနှင့်အတူ အသင်းအထိုင်ကျရန်အတွက် ပိုမိုအချိန်ယူခဲ့ရသည်။

ဆက်လက်ပြီး ဖရန့်လမ်းပတ်က အမေရိကန်လက်ရွေးစင်ပူလီဆစ်မှာ ဘန်လေနှင့်ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး စစ်ဆေးမှု အဖြေ စောင့်ဆိုင်းနေကြောင်း ပြောကြားသွားသည်။

အသက် ၂၂ နှစ်ရှိ တောင်ပံကစားသမားသည် ဘန်လေနှင့်ပွဲတွင် ပွဲထွက်ရန် စီစဉ်ထားခဲ့သော်လည်း ဒဏ်ရာရရှိခဲ့မှုကြောင့် လူစာရင်းမှ နုတ်ထွက်ခဲ့ရသည်။ လမ်းပတ်သည် တိုက်စစ်မှူးဝါနာကို ဘယ်တောင်ပံတွင် ထားကာ အသုံးပြုခဲ့သည်။

ပူလီဆစ်သည် တံကောက်ကြောဒဏ်ရာကြောင့် ချဲလ်ဆီး၏ ပရီးမီးယားလိဂ်အဖွင့်ပွဲသုံးပွဲကို လွဲချော်ခဲ့ပြီး ဆောက်သမ်တန်၊ ဆီဗီလာ၊ မန်ချက်စတာယူနိုက်တက်တို့နှင့်ပွဲများတွင် ပွဲထွက် ကစားခဲ့သည်။

Facebook Comments Box
Facebook Comment