
ချဲလ်ဆီးပစ်မှတ် ဒက်ကလန်ရိုက်စ်ကို လစာနှစ်ဆပေး၍ သက်တမ်းတိုးမည့် ဝက်စ်ဟမ်း
ဝက်စ်ဟမ်းသည် လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးအပါအဝင် ထိပ်သီး ကလပ်အချို့၏ စိတ်ဝင်စားခြင်း ခံနေရသော ကွင်းလယ်အဖျက် ကစားသမား ဒက်ကလန်ရိုက်စ်ကို လက်ရှိခံစားနေသည့် လုပ်ခလစာထက် နှစ်ဆပေးကာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် အဆင်သင့်ရှိနေကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြသည်။
အသက် ၂၁ နှစ်အရွယ် ရိုက်စ်သည် ခံစစ်ဗဟို နေရာတွင်လည်း ကစားနိုင်စွမ်းရှိပြီး ဝက်စ်ဟမ်းနှင့် အင်္ဂလန် လက်ရွေးစင် အသင်းများတွင် အဓိက ကစားသမား တစ်ဦးအဖြစ် ပါဝင်ခွင့်ရနေသည်။
၎င်းသည် ချဲလ်ဆီး အကယ်ဒမီတွင် အသက် ၇ နှစ်မှ ၁၅ နှစ်အထိ တက်ရောက်ခဲ့ပြီး ထို့နောက် ဝက်စ်ဟမ်း အကယ်ဒမီသို့ ရောက်ရှိကာ ၂၀၁၆ ခုနှစ်မှစ၍ အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့သည်။
ချဲလ်ဆီးသည် ၎င်းတို့၏ လူငယ်ကစားသမားဟောင်း ရိုက်စ်ကို ယခု နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်သည် လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ထပ်မံ ကြိုးစားလာဖွယ် ရှိနေသောကြောင့် ဝက်စ်ဟမ်းက လက်ရှိ တစ်ပတ်လစာ ပေါင် ၆၀၀၀၀ ၏ နောက်တစ်ဆဖြစ် သည့် ပေါင် ၁၂၀၀၀၀ ဖြင့် စာချုပ်သစ်ချုပ်ရန် ပြင်ဆင်နေသည်။
အင်္ဂလန် အသင်းအတွက် ၁၁ ပွဲကစားထားသော ရိုက်စ်၏ လက်ရှိစာချုပ် သက်တမ်းမှာ ၂၀၂၄ ခုနှစ်အထိ ရှိနေသော်လည်း ဝက်စ်ဟမ်းက တစ်နှစ် သက်တမ်းတိုးနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
ဝက်စ်ဟမ်းအတွက် ပြိုင်ပွဲစုံ ၁၁၇ ပွဲတွင် ၃ ဂိုးသွင်းထားသော ရိုက်စ်သည် လွန်ခဲ့သည့် ၂ နှစ်က တစ်ပတ်လစာ ပေါင် ၃၀၀၀ သာ ရရှိခဲ့သော်လည်း ပူး တွဲပိုင်ရှင်များဖြစ်သော ဒေးဗစ်ဆူလီဗန်နှင့် ဒေးဗစ်ဂိုးလ်တို့က ပေါင် ၆၀၀၀၀ အထိ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
Ref:football.london