ချဲလ်ဆီးနှင့် ဖလားရခြင်းက အခြားအသင်းများနှင့် ရသည်ထက် ပိုထိုက်တန်ဟု ဟာဗက်ဇ် ဆို

ချဲလ်ဆီး ကွင်းလယ်တောင်ပံ ကစားသမား ကိုင်ဟာဗက်ဇ်က မိမိအား ဥရောပထိပ်တန်း ကလပ်ပေါင်းများစွာက ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း လန်ဒန် အခြေစိုက် ကလပ်ကိုသာ ရွေးချယ်ခဲ့ပြီး ချဲလ်ဆီးနှင့် ဖလားတစ်လုံး ရယူခြင်းက အခြားကလပ်များနှင့် ရယူခြင်းထက် ပိုမိုထိုက်တန်ကြောင်း ပြောကြားလိုက်သည်။

အသက် ၂၁ နှစ်အရွယ် ဂျာမနီလက်ရွေးစင် ဟာဗက်ဇ်သည် လေဗာကူဆင် မှ ပေါင် ၆၂ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး အခြား အခြေအနေများအပေါ် မူတည်၍ ၎င်း၏ ပြောင်းရွှေ့ကြေးက ပေါင် ၇၁ သန်းအထိ ပေးချေခဲ့ရသည်။

ချဲလ်ဆီး သမိုင်းတစ်လျှောက် ကီပါပြီးလျှင် ဒုတိယ ဈေးအကြီးဆုံး ကစားသမားဖြစ်လာသော ဟာဗက်ဇ်သည် ယခုရာသီတွင် ချဲလ်ဆီးအတွက် ၁၀ ပွဲကစားကာ ၄ ဂိုး သွင်းယူထားသည်။

၎င်းသည် ဘွန်ဒက်စ်လီဂါတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး လွန်ခဲ့သည့် ၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၃၈ ဂိုးအထိ သွင်းယူနိုင်ပြီးနောက် ဥရောပ ထိပ်တန်းကလပ်များက ခေါ်ယူရန် အပြိုင်ကြိုးစားခဲ့သည်။

ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ် အပါအဝင် ထိပ်တန်းကလပ် အများအပြားက ဂျာမနီအသင်းအတွက် ၁၀ ပွဲတွင် ၂ ဂိုးသွင်းထားသော ဟာဗက်ဇ်ကို ခေါ်ယူလိုသော်လည်း ၎င်းက ချဲလ်ဆီး၏ တိုက်စစ်ကစားပုံကို နှစ်သက်သောကြောင့် ပရီးမီးယားလိဂ်အား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော့်အတွက် ကလပ်တစ်သင်းက သူတို့ရဲ့အမြင်က ဘယ်လိုရှိသလဲဆိုတာ အရေးကြီးတယ်။ ဒီကလပ်က ရှေ့ကိုဆက်သွားနေတယ်။ ကျွန်တော်တို့အသင်းက ငယ်ရွယ်ပျိုမြစ်တဲ့ အသင်းတစ်သင်းဖြစ်ပြီး ကစားသမားကောင်းတွေလည်း အများကြီးရှိပါတယ်။

တိုက်ခိုက်ချင်စိတ် အပြည့်ရှိတဲ့ အသင်းတစ်သင်းကို တည်ဆောက်ချင်တယ်။ ဒါက ကျွန်တော့်ကို လှုံ့ဆော်ပေးပါတယ်။ နောက်ပြီး ချဲလ်ဆီးနဲ့ ဖလားတစ်လုံး ရတာက ကျန်တာတွေထက် ပိုပြီးထိုက်တန်ပါတယ်” ဟု ဟာဗက်ဇ်က ဆိုသည်။

Ref:TheSun

Facebook Comments Box
Facebook Comment