ချဲလ်ဆီးနှင့်ကာရာဘောင်းပွဲကို စပါးစ်နည်းပြမော်ရင်ဟို လက်လျှော့လိုက်ပြီလား?

ဟိုဆေးမော်ရင်ဟိုက EFL မှာ စပါးစ်အသင်းအား ချဲလ်ဆီးနှင့် ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲကို အကောင်းဆုံး ယှဉ်ပြိုင်ရန် အခွင့်အရေးမပေးကြောင်း ပြောကြားလိုက်သည်။

စပါးစ်သည် ယနေ့ညတွင် ချဲလ်ဆီးနှင့် ကာရာဘောင်းဖလားပွဲကစားရန် ရှိနေပြီး ကြာသပတေးနေ့တွင်လည်း မက္ကဘီဟိုက်ဖာနှင့် ယူရိုလိဂ်ပလေးအော့ဖ် ကစားရဦးမည် ဖြစ်သည်။

မော်ရင်ဟို၏စပါးစ်သည် ပြီးခဲ့သည့်နှစ်ပတ်အတွင်းတွင် သုံးရက်လျှင် တစ်ပွဲကစားလာခဲ့ရသည့်အသင်း ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့်အပတ်က လေတန်အိုရီးယန့်နှင့် ကာရာဘောင်းဖလားပွဲ ကစားရန် ရှိနေခဲ့သော်လည်း လိဂ် ၂ ကလပ်တွင် ကိုဗစ်ကူးစက်ခံရသူ အမြောက်အမြား ရှိနေ၍ ပွဲမကစားရဘဲ စတုတ္ထအဆင့်သို့ တက်ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။

မော်ရင်ဟိုက “ကာရာဘောင်းဖလားအတွက် တိုက်ပွဲဝင်ချင်ပါတယ်။ ဒါပေမယ့် တိုက်နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ယူရိုပါလိဂ်အုပ်စုအဆင့်သို့ တက်ရောက်နိုင်ရင် ရရှိတဲ့ ငွေပမာဏက ကျွန်တော်တို့လို ကလပ်အတွက် အရမ်း အရေးကြီးပါတယ်”ဟု ပြောကြားသွားခဲ့သည်။ စပါးစ်အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုမှာ တိုက်စစ်သမားဆန်ဟောင်မင်းမှာ ဒဏ်ရာကြောင့် မန်ယူနှင့်ပွဲအထိ အနားယူရမည့်အနေအထားတွင် ရှိနေခြင်း ဖြစ်သည်။

စပါးစ်သည် လာမည့် တနင်္ဂနွေနေ့တွင် မန်ယူကို ရင်ဆိုင်ကစားရဦးမည် ဖြစ်သည်။

မော်ရင်ဟိုက “ကြာသပတေးနေ့မှာ ကစားရမယ့်ပွဲက ကျွန်တော်တို့အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ။ EFL က ကျွန်တော်တို့အတွက် ဆုံးဖြတ်ချက် တစ်ခု ပေးခဲ့ပါတယ်။ သူတို့ ပြဿနာတစ်ခုတောင် ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် သူတို့ ဆုံးဖြတ်ချက်တစ်ခု ပေးခဲ့တာပါ”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment