ချဲလ်ဆီးကစားသမားများမှာ အရေးပါသည့် နည်းစနစ်ပိုင်းချမှတ်မှုကို လိုက်နာ လုပ်ဆောင်ခြင်းမရှိဟု လမ်းပတ် ပြောကြား

ဖရန့်လမ်းပတ်က ဆောက်သမ်တန်နှင့် ၃ ဂိုးစီ သရေကျသည့်ပွဲတွင် ချဲလ်ဆီးကစားသမားများမှာ နည်းစနစ်ပိုင်း ချမှတ်ထားမှုကို လိုက်နာ လုပ်ဆောင်ခဲ့ကြခြင်း မရှိကြောင်း ပြောကြားလိုက်သည်။

ချဲလ်ဆီးသည် တိုက်စစ်မှူးတီမိုဝါနာ၏ သွင်းဂိုး ၂ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း ဒန်နီအင်းစ်နှင့် ချီအဒမ်တို့က ဆောက်သမ်တန်အတွက် ပြန်လည် ချေပခဲ့ကြသည်။ ချဲလ်ဆီးသည် ကိုင်ဟာဗတ်ဇ်၏ ဂိုးဖြင့် တစ်ဖန် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဟာဆင်ဟတ်၏ ဆောက်သမ်တန်သည် ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ကာ နာကျင်အချိန်ပို၌ ဗီစတာဂန်က ဆောက်သမ်တန်အတွက် အဖိုးတန်ချေပဂိုးကို ခေါင်းတိုက် သွင်းယူသွားခဲ့သည်။

ပြီးခဲ့သည့် ရာသီတုန်းက ပေးဂိုး ၅၄ ဂိုးအထိ ရှိခဲ့သည့် ချဲလ်ဆီးသည် ယခုရာသီတွင်လည်း ခံစစ်ပိုင်းပြဿနာနှင့် ဆက်လက် ရုန်းကန်နေခဲ့ရသည်။ လမ်းပတ်ကမူ သူ၏နည်းစနစ်ပိုင်း ချမှတ်ထားမှုကို ကစားသမားတို့ လိုက်နာ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ပြောကြားသွားသည်။

လမ်းပတ်က “ပြိုင်ဘက်ရဲ့ဖိအားပေးမှုကို ချိုးဖောက်ဖို့အတွက် သူတို့ကို ကျွန်တော် ပြောထားတာတွေ ရှိပါတယ်။ ဒါပေမယ့် ကစားသမားတွေ လိုက်နာခဲ့ကြခြင်း မရှိပါဘူး။ ကျွန်တော့်ကစားသမားတွေ ဘောလုံးအပေးအယူများများလုပ်ပြီး ကစားဖို့ ကြိုးစားခဲ့ကြပါတယ်။ ကစားသမားတွေကလည်း ဘောလုံးကစားချင်ကြတာဆိုတော့ ဒါကို အရိုးစွဲနေကြပါပြီ။ ကျွန်တော်က အရမ်းဖိ ကစားတာမျိုးကို ကြီးကြီးမားမား ထောက်ခံတဲ့သူတွေဲမှာ မပါဝင်ပါဘူး။ အရမ်းဖိကစားတဲ့အချိန်မှာ ကိုယ့်ရဲ့တစ်ဖက်ခြမ်းမှာ ရှိတဲ့ကစားသမားတွေကို မသုံးဖြစ်တာမျိုးဖြစ်လာတတ်ပါတယ်။ ကစားသမားတွေ မလိုက်နာမှုက ကျွန်တော့်ရဲ့အကြီးမားဆုံးစိတ်ပျက်မှုပါ”ဟု ပြောကြားခဲ့သည်။

ချဲလ်ဆီးသည် ကြားရက်တွင် ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာနှင့် ရင်ဆိုင်ကစားရမည် ဖြစ်ပြီး ယခုအပတ်အကုန်တွင် အိုးထရက်ဖို့ဒ်သို့ သွားရောက်ကာ ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment