ချယ်လ်ဆီး ရဲ့ ရိုမန်အင်ပါယာ တစ်ခေတ် ဆန်းသစ်နိုင်မလား …

ပြန်ကြည့်လိုက်တော့ လက်ရှိအနေအထားက မော်ရင်ညို စတင်ရောက်လာခဲ့တဲ့ ၂၀၀၄-၀၅ ခုနှစ်တုန်းက  လိုမျိုးပုံစံကို သွားပြီးတော့မြင်ယောင်မိတယ်။ 

ဟုတ်တယ်။ အဲ့ဒီတုန်းက အတိုင်းပဲ။ မတူညီတာဆိုလို့ ကစားသမားခေါ်ယူတဲ့ အပိုင်းနဲ့ ဈေးနှုန်းတွေ ထိုးတက်သွားတဲ့ အနေအထားဖြစ်တယ်ဆိုတာပါပဲ။ 

လမ်းပတ်လက်ထက်မှာ ချယ်လ်ဆီးဟာ ထူထူထောင်ထောင်နဲ့ ခေတ်တစ်ခုကို ဖြတ်သန်းနိုင်ဖို့ လက်ရှိခေါ်ယူထားတဲ့ အစုအဖွဲ့နဲ့ အဆင်သင့်ဖြစ်နေခဲ့သလားဆိုတာ အားလုံးသိချင်နေတဲ့ အဖြေဖြစ်တယ်။ ပထမတစ်နှစ်တော့ ပရီးမီးယားလိဂ်ဖြတ်သန်းပြီးခဲ့တဲ့ ပုံစံအရဆိုရင် အားနည်းချက်တွေ ရှိခဲ့တာမြင်ရပေမယ့် ချယ်လ်ဆီးရဲ့ လမ်းပတ်လက်ထဲမှာ လူငယ်တွေ အားတစ်ခုကို မြင်ခဲ့ရပြီးဖြစ်လို့ အတန်အသင့်တော့ ချယ်လ်ဆီး ပရိသတ်များနဲ့ ပရီးမီးယား ပရိသတ်တွေ လက်ခံခဲ့ကြမယ်ထင်တယ်။ 

အခုမကြာခင်မှာ လမ်းပတ်ဟာ သူ့ရဲ့ချယ်လ်ဆီးမန်နေဂျာ ဒုတိယနှစ်ကို ဖြတ်သန်းပါတော့မယ်။ ရိုမန်အင်ပါယာ တန်ခိုး အင်အားကြီးထွားဖို့ တစ်ကျော့ပြန်လာနိုင်မလားဆိုတာ မော်ရင်ညိုခေတ်တစ်ခုအလွန်မှာ ပြန်ကြည့်ချင်စရာဖြစ်လာပြီ။ 

လမ်းပတ်ဟာ မော်ရင်ညို မဟုတ်ဘူး။ လမ်းပတ်ဟာ လမ်းပတ်ဟန်နဲ့ ချယ်လ်ဆီး ကို တွန်းတင်ပြီး ဆုဖလားရှိရာ အနားကို အရောက်ပို့ဖို့ပြင်နေပြီ။ သူလိုအပ်သမျှကိုလည်း စာရင်းတင် ပေးပို့ထားရာမှာ အထက်လူကြီးတွေကလည်း အားလုံး အဆင်ပြေအောင် လုပ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

စိတ်ကူးထဲကအတိုင်း လက်တွေ့ဖြစ်ဖို့ပဲလိုနေတယ်။ လိုချင်သမျှကို ချယ်လ်ဆီး ဘုတ်အဖွဲ့ကနေပြီး ငွေထုတ်ပေးကာ အခုဆိုရင် ဇီယက်ခ်၊တီမိုဝါနာ၊ မူအမ်ဘာ၊ ချစ်ဝဲလ်၊ ဆား၊ တီယာဂိုဆေးလ်ဗား၊ ကိုင်ဟာဗက်ဇ်စတဲ့ ဥရောပ ဘောလုံးစတားတွေ ရောက်လာခဲ့ပြီ ဖြစ်တယ်။ မော်ရင်ညိုလိုမျိုး ချယ်လ်ဆီးကို သူရောက်လာတာနဲ့ မြေလှန်ပြီး သူ့လက်သူ့ခြေနဲ့ အရာအားလုံး တစ်က ပြန်စခဲ့သလို လမ်းပတ်အနေနဲ့လည်း ခေတ်သစ် ချယ်လ်ဆီး ဖြစ်စေဖို့ ဒီနှစ်ခေါ်ယူထားတဲ့သူနဲ့ ဆုဖလားတွေ အနားကပ်နိုင်မလား၊ မော်ရင်ညို တုန်းကတော့ ရောက်တာနဲ့ ပရီးမီးယားဖလား အရယူပြသွားနိုင်ပေမယ့် လမ်းပတ်ကတော့ ဒုတိယနှစ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ ပြည်တွင်းအမှတ်ပေးဖလားအနား၊ ပြည်ပအမှတ်ပေးဖလားအနားကို အနီးဆုံး ကပ်နိုင်ခွင့်ရှိနေမှာလား။

အရာရာတိုင်းကတော့ ပုံသေကားချပ်တွက်လို့တော့မရဘူးပေါ့လေနော်။ ဖြစ်ချင်တဲ့အတိုင်း လူတိုင်းဖြစ်ခွင့်ရတာမှမဟုတ်တာပါ။ စိတ်ထဲတွက်ဆ ထားတာက တစ်မျိုး၊ ဖြစ်လာတာက တစ်ဖုံနဲ့ ဘယ်အရာကမှ ရာနှုန်းပြည့် စိတ်တည်ဆောက်မှုတွေ အတိုင်းဖြစ်ခဲ့တာမှ မဟုတ်တာပါ။ အခုလည်း လမ်းပတ်အတွက် ဒါရိုက်တာဖြစ်တဲ့ မာရီနာ ဂရာနို့ဗ်စကိုင်ယာဟာ လိုအပ်တဲ့ ကစားသမားတွေကို ဈေးသုံးကြမ်းကြမ်းနဲ့ အမိအရ စီးပွားဖြစ်ခေါ်ပေးခဲ့တာက သက်သေပဲ မဟုတ်လား။ လက်ထဲမှာ ဟာဇက်ဇ်နဲ့ မိုရာတာကိုရောင်းလို့ရထားတဲ့ငွေကြေးနဲ့ လူသစ်တွေ ကို ခေါ်ယူခဲ့ရာမှာ ငွေရင်းစိုက်ထုတ်မှုက သိပ်များများစားစား ပဲ့ပါသွားခဲ့တာမှ မဟုတ်တာပါ။ 

လုပ်ကွက်တွေ လှတယ်။ အဆင်ပြေအောင်လို့ ဈေးကွက်ထဲမှာ ငါးကြင်းဆီနဲ့ငါးကြင်းပြန် ကျော်ပြနိုင်ခဲ့တယ် မဟုတ်ပါလား။ အမျိုးသမီးတစ်ယောက်ရဲ့ အတွေးကလှတယ်။ ချစ်ဖို့သိပ်ကောင်းခဲ့တယ်။ စီးပွားရေးကို ထိထိမိမိနဲ့ အားကစားဖက်မှာ အသုံးချနိုင်ခဲ့တာကိုက အခုတစ်လောမှာ လူပြောများစရာဖြစ်လာတယ်။ အများကလည်း ဒီအမျိုးသမီးကို စောင့်ကြည့်လာကြတာ အရင်ကထက်ပိုလာတယ်။ 

အချောအလှ စာရင်းမဝင်ပေမယ့် လုပ်ကိုင်ပုံက သေသပ်သလို လူမှုဆက်ဆံရေး သိပ်ပြည့်တဲ့ အမျိုးသမီးဖြစ်ကြောင်း မကြာခဏ ဘောလုံးအသိုင်းအဝန်းထဲမှာကြားနေခဲ့ရသူလည်းဖြစ်ပါတယ်။ ဒီတော့ လုပ်ရကိုင်ရတာ သိပ်ပြီး ကောင်းသလို အလုပ်နဲ့ပတ်သက်လာရင် ညှိနှိုင်းရေး ကိစ္စတွေမှာ ဒီအမျိုးသမီးက အခြားအမျိုးသားများထက် ချယ်လ်ဆီးမှာ အဆင်ပြေနေခဲ့တာဖြစ်တယ်။ 

မော်ရင်ညိုတုန်းက ပီတာကင်ညွန်လေ၊ မှတ်မိကြမှာပါ။ နှစ်ယောက်အတွဲက အတိုင်အဖောက် ညီခဲ့ကြတယ်။ အခုလည်း လမ်းပတ်နဲ့ မာရီနာအတွဲ ဘယ်လောက်အထိ ဇွဲနဲ့ ဘောလုံးဇာတ်ခုံပေါ်မှာ ခပ်ရဲရဲ တိုက်ပွဲဝင်မလဲဆိုတာ ကြည့်ရမယ်။ 

ခေတ်က နောက်ပြန်ဆွဲသလိုမျိုးနဲ့ရှေ့ရောက်နေတယ်။ ပြီးတော့ ပြောဖြစ်တာက ချယ်လ်ဆီးဟာ ဖလားယူဖို့ အသင့်ဖြစ်နေသလား ဆိုတာပါပဲ။

ဘာကြောင့်လဲဆိုတော့ ကိုဗစ်ကာလမှာ ပြင်ဆင်မှု အားအကောင်းဆုံးက ချယ်လ်ဆီးဖြစ်နေတာ ကြောင့်ပါပဲ၊ မော်ရင်ညိုကလည်း တော့တင်ဟမ်မှာရှိတယ်။ အန်ဆယ် လော့တီကလည်း အဲဗာတန်မှာရှိတယ်။ ဆိုးရှားက မန်ယူမှာ၊ လီဗာပူးမှာက ကလော့ပ်ရှိတယ်။ မန်စီးတီးမှာ ဂွါဒီယိုလာရှိတယ်။ အာဆင်နယ်မှာ အာတေးတားရှိတယ်။ လိစ်ဒ်မှာ ဘီယဲလ်ဆာ ရှိတယ်။ ပြီးတော့ အခြားနည်းပြတိုင်းကလည်း သူ့အတိုင်းအထွာနဲ့သူ အသင်းတွေကိုပြင်ဆင် ထားကြတာဆိုတော့ လမ်းပတ်အနေနဲ့ အကောင်းစားပြင်ဆင်မှုတစ်ခုအောက်မှာ ချယ်လ်ဆီး ကို ဆွဲတင်နိုင်ဖို့လိုနေတယ်လေ။

မော်ရင်ညို၊ အန်ဆယ်လော့တီ၊ ဂွါဒီယိုလာ၊ ကလော့ပ်ဆိုတာ ဥရောပ ကလပ်တွေနဲ့ ဆုအမျိုးမျိုး ရဖူးခဲ့သူတွေဖြစ်တယ်။ ဝါရင့်နည်းပြတွေကြားထဲမှာ လမ်းပတ်က ဝါအနုဆုံးနည်းပြအဖြစ် အာတေးတားနဲ့အတူ ရပ်တည်နေတယ်။ မန်နေဂျာ ဘဝခရီးအစမှာ သူဟာ ဖိအားတွေကိုတော့ ရင်ဆိုင်နိုင်ဖို့လိုတယ်။ ဘောလုံးသမားဘဝနဲ့ နည်းပြမန်နေဂျာဘဝဆိုတာ လုံးဝမတူဘူး။ ဒါကို သူ့အနေနဲ့ခေါင်းမမာဖို့လိုတယ်။ 

သူ့လက်ထဲမှာ  တစ်ကယ်တီးမယ့် ချယ်လ်ဆီး ဖြစ်နေပြီလား လို့အများက မြင်နေပေမယ့် လက်တွေ့မှာ တစ်ကယ်တီးပြရမယ့် နိုင်ပွဲတွေ ချယ်လ်ဆီးမှာ ကပ်မိနေဖို့လိုနေသေးတယ်။ လက်တွေ့ဆန်တဲ့ သက်သေပြချက်တွေကို လူငယ်တွေအားနဲ့ တည်ဆောက်ရယူဖို့ အချိန် တစ်ခုဟာ မော်ရင်ညိုတို့တုန်းကလိုမျိုး အချိန်တိုတစ်ခုအတွင်းမှာ ဖလားတန်ဖိုးပြသဖို့ လိုကို လိုပါတယ်။ 

ဘာကြောင့်လဲဆိုတော့ ချယ်လ်ဆီး ရဲ့ လူသစ်အင်အားဖြည့်တင်မှုက အများအမြင်မှာ တင့်တယ်ပြီးတော့ လိုအပ်တာကို အရခေါ်နိုင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဂိုးသမားနေရာ ကလွဲရင် ကျန်တဲ့နေရာအလိုက်မှာ လူအင်အားဖြည့်တင်းမှုက လုံးဝကို ကောင်းမွန်နေခဲ့တယ်ဆိုတာတွေ့ရမယ်။ ဒါဟာ အခြား ပရီးမီးယားလိဂ် အသင်း တွေနဲ့ သာလွန်နေတဲ့အချက်ဖြစ်တယ်။ 

မနှစ်တုန်းက နောက်တန်း ပြဿနာနဲ့ဂိုးသမား အမှားများခဲ့တာတွေရှိတယ်။ နောက်တန်းမှာ လူငယ်တွေကို ထိန်းကျောင်းဖို့ အတွေ့အကြုံရင့်သူတစ်ယောက်လိုကိုလိုခဲ့ပေမယ့် မဖြည့်ခဲ့ လို့ အထိနာခဲ့တာတွေ များကြီးရှိခဲ့တယ်။ အခုတော့တီယာဂိုဆေးလ်ဗားလို အတွေ့အကြုံရင့်တဲ့ နောက်ခံလူတစ်ယောက်နဲ့ပြန်ထိန်းဖို့တော့ ဒေါက်တိုင်တစ်ခု တည်ဆောက်ထားခဲ့တယ်။ အသုံးတည့်ဖို့မျှော်လင့်မိတယ်။ ဘေးက နောက်ခံလူတွေနဲ့ ဂိုးသမား ကီပါကို ကောင်းကောင်း ညွှန်ကြားချက်တွေ ပေးနိုင်မယ်လို့မျှော်ဖြစ်တယ်။ ပြီးတော့  မော်ရင်ညိုတုန်းက တယ်ရီကို ကာဗယ်လ်ဟိုနဲ့ဆွဲထိန်းခဲ့သလိုမျိုး အခုချယ်လ်ဆီးလူငယ်ခံစစ် တန်းတစ်သိုက်ကို ဆေးဗားလ်ထိန်းနိုင်မယ်ထင်တယ်။ 

ဒရော့ဂ်ဘာ၊ ရော်ဘင်တို့ ဖရဲရား၊ ပီတာဆက်သ်၊ကစ်မန်းနဲ့ တီယာဂိုးတို့ အစုအဖွဲ့က အထိုကအလျှောက် ပေါ်တူဂီဟန်နဲ့ ဆွဲတင်နိုင်သလို သူ့တာဝန်သူကျေခဲ့တယ်။ အခုလည်း လူသစ်တွေဖြစ်တဲ့ ဇီယက်ခ်၊တီမိုဝါနာ၊ မူအမ်ဘာ၊ ချစ်ဝဲလ်၊ ဆား၊ တီယာဂိုဆေးလ်ဗား နဲ့ ကိုင်ဟာဗက်ဇ် တို့လည်း အလုပ်ဖြစ်ဖို့လိုတယ်။ ဘယ်နှစ်ယောက်လောက် အသင်းနဲ့ အံဝင် မလဲဆိုတာ အားလုံးကတော့ စောင့်ကြည့်နေတယ်။ 

အထူးသဖြင့် တီမိုဝါနာနဲ့ဟာဗက်ဇ်ပါပဲ။ တိုက်စစ်စုဖွဲ့မှုဟာ ဂျာမန်တွေအားနဲ့ ဒီတစ်ခါအလုပ် ဖြစ်မလားဆိုတာ သိချင်တယ်။ နာမည်ကြီးတွေ၊ လူငယ်ခြေတက်တွေနဲ့ အားတစ်ခုကို အတွေ့အကြုံရှိတဲ့ ချစ်ဝဲလ်တို့လို အားကောင်းမောင်းသန်ကစားဟန်တွေနဲ့ တည်ထောင်ထား မှုဟာ ရိုမန် အင်ပါယာကို တစ်ခေတ်ပြန်ဖြစ်လာစေမလားဆိုတာ ကြည့်ချင်မိနေတယ်။ 

လာမယ့်တစ်ပတ် ပရီးမီးယားလိဂ်အဖွင့် စက်တင်ဘာလ ၁၄ ရက် မှာ ဘရိုက်တန်နဲ့ အဝေးကွင်းကစားရမယ်။ ပြီးရင် လီဗာပူးနဲ့ စက်တင်ဘာလ ၂၀ ရက်မှာ အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်မှာ အားစမ်းမယ်။ ဒါဟာ ချယ်လ်ဆီးရဲ့ အစမ်းသပ်ခံပွဲတွေဖြစ်တယ်။ အောက်တိုဘာမှာ ဆိုရင်လည်း မန်ယူနဲ့အဝေးကွင်းပွဲနွဲရဖို့ရှိနေတာကြောင့် လမ်းပတ်ရဲ့ ချယ်လ်ဆီး အသစ်မဟုတ်တဲ့ အသစ်စက်စက်တစ်ခုဟာ ဘယ်လိုမျိုးဖြစ်လာမလဲ။ 

ရိုမန်အင်ပါယာအသစ်တစ်ခုကို လမ်းပတ်လက်ထဲမှာ တည်ဆောက်နိုင်မလားဆိုတာ လာမယ့် တစ်ပတ်ကစပြီး ကြည့်ကြတာပေါ့လေနော်။ 

ထွန်းထွန်းဦး(လှိုင်)

Facebook Comments Box
Facebook Comment