
ချန်ပီယံလိဂ် တိုက်စစ်နဲ့ အင်္ဂလန်ကလပ်များရဲ့ ခံစစ်
ထွန်းထွန်းဦး(လှိုင်)
ပြီးခဲ့တဲ့ ပွဲတော်ရက်က ပြောစရာ တော်တော်များဖြစ်တယ်။ ဥရောပ ကလပ်တွေထဲက နာမည်ကြီး အသင်းတော်တော်များများ ကမောက်ကမ ရလဒ်တွေအောက်မှာ အလဲအလဲအပြိုပြိုနဲ့ ထင်ထားတဲ့ ရလဒ်မျိုးကို ဆန့်ကျင်ခုန်ထွက်ခဲ့ကြလို့ အားပေးသူတွေ အဖို့ မျက်ကလူးဆန်ပြာ ဖြစ်ရတဲ့အထိ ပြောစရာများ ဖြစ်ခဲ့တယ်ဆိုပါတော့ ….
အဲ့ဒီလို အဖြစ်တွေက UCL နဲ့ ယူရိုပါလိဂ်အထိ အစွဲကင်းနိုင်ပါ့မလား။ စဉ်းစားစရာပါ။
ပြန်ကြည့်တော့ ဖိအားတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ကိုဗစ်ကာလမှာ အသင်းကြီးတွေဟာ ခြေရာကြီးလေလေ ပြဿနာများလေလေ ဖြစ်နေသလို အသင်းငယ်တွေကျတော့ သူ့ဝမ်းသူ့အထွာနဲ့ သွားလာနေထိုင်ခဲ့ကြလို့ ဖိအားအတိမ်အနက်အပိုင်းမှာ အသင်းကြီးတွေလောက် ထိခိုက်ရှနာမှုဟာ ဒဏ်ရာ သိပ်မကြီးခဲ့ကြသလိုမျိုးပါပဲ။
အခု ပြည်တွင်းပွဲတွေနွှဲပြီး UCL နဲ့ယူရိုပါလိဂ်ကို ရက်ပိုင်းသာခြားပြီး တန်းဝင်မယ်။ အသင်းငယ်တွေကတော့ ပြည်တွင်းဖြစ်ပွဲတွေအပြီး အပြည့်အဝ အနားယူနိုင်ပေမယ့် အသင်းကြီးတွေမှာတော့ ပွဲဆက်တွေ တရစပ်နွှဲရမယ့်အပြင် ရည်ရွယ်ရာ ချန်ပီယံလမ်းမထက်ကို တက်နိုင်ဖို့ ကြုံလာတဲ့ အသင်းတွေကို အနိုင်နဲ့ပွဲတော်တည်ဖို့ လုပ်ရဦးမယ်။ ရုန်းရဦးမယ်မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် အသင်းကြီးတွေ ရုန်းလေနစ်လေ မဖြစ်ရဖို့ ဆိုင်ရာပွဲတော်အသီးသီးမှာ အနိုင်နဲ့ဖြတ်သန်းနိုင်ခွင့် လက်မှတ်ဆိုတာကို ပိုင်ဆိုင်ခွင့် ရနေကြဦးမှာလား။

အရင်ဆုံး UCL ကို ကြည့်ချင်တယ်။ အုပ်စုပွဲတွေ ဒီနေ့ည စမယ်။ အသင်းကောင်းတွေ ပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း ပွဲစဉ်တွေအတိုင်း ကစားကြရမယ်။
အထူးသဖြင့် လူကြည့်များမယ့် အင်္ဂလန်အသင်းတွေကို ရွေးပြောချင်တယ်။ ကိုဗစ်ကာလမှာ အင်္ဂလန်အသင်းကြီးတွေရဲ့ မတည်ငြိမ်မှုက လူပြောများတယ်။
ပြည်တွင်းပွဲတွေမှာ အဆင်မပြေခဲ့မှုတွေ၊ ချန်ပီယံလိဂ်မှာ ပေါက်ကွဲထွက်မယ့် အနိုင် ၃ မှတ်နဲ့ သွင်းဂိုးတွေကို မြင်ရမလား။
စိတ်ချရမှု နည်းပါးနေတဲ့ ခံစစ်တန်းကရော လိပ်ပြာလွင့်မတတ် တစ်ဖက်အသင်းတိုက်စစ်ကို ထိန်းချုပ်ရာမှာ အဆင်ပြေနိုင်ပါ့မလား။ ရင်ခုန်နေရပါတယ်။
အိမ်ကွင်း အဝေးကွင်းမရွေးတဲ့ နယူးနော်မယ် ကိုဗစ်ကာလမှာ ဘောလုံးအသင်းတွေရဲ့ ပြင်ဆင်ပြောင်းလဲမှုက ရလဒ်ကို တည့်တည့်ထိဖို့ ဘာမှကို အတည်တကျနဲ့ ဖော်မြူလာ မရှိသေးသလိုပါပဲ။
ဖြစ်လာတဲ့အပေါ်မှာ မူတည်ပြီး အနိုင်ဖွေရှာရတဲ့ အခိုက်အတန့်ကိုသာ မက်မောနေရတဲ့ အချိန်ဖြစ်လို့ အင်္ဂလန်ကလပ်တွေနဲ့ အတူလက်တွဲမယ့် ပရိသတ်တွေအဖို့ ရင်တမမ ဖြစ်မယ့်ညတွေ တိုးရဦးမလားပဲ။
ချယ်လ်ဆီးက အိမ်ကွင်းမှာ ဆီဗီလာနဲ့ ကစားမယ်။ ဆီဗီလာဆိုတာကလည်း ဥရောပစူပါဖလားမှာ ဘိုင်ယန်မြူးနစ်လိုအသင်းကို သူတပြန်ကိုယ်တပြန် တိုက်စစ်ဆင်ပြီး ကစားပြခဲ့တဲ့ အသင်းဖြစ်တယ်။

ဘာစီလိုနာကို လာလီဂါမှာ ၁-၁ နဲ့ အဝေးကွင်းရမှတ် လုပြထားတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ ဂရန်နာဒါကိုတော့ အဝေးကွင်း နောက်ဆုံးပွဲ လာလီဂါမှာ ၁-၀ နဲ့ရှုံးပြထားတယ်။
UCL ကြောင့်လား၊ တကယ်ရှုံးတာလားဆိုတာ ပွဲကြည့်ခဲ့သူတွေ အသိဆုံးဖြစ်မယ်။ လုခ်ဒီဂျောင်၊ ရာကီကစ်၊ မူနီယာအပြင် အခြား တိုက်စစ်သန်တဲ့သူတွေ ရှိသေးတယ်။ ဒီလူအစုအဖွဲ့က ချယ်လ်ဆီးခံစစ်ကို ပြဿနာ အပြုံလိုက်ပေးနိုင်တယ်ဆိုတာ တွေ့ရမယ့်အချိန် ဖြစ်နေတယ်။
ချယ်လ်ဆီးလည်း ဘာထူးသလဲ။ အကောင်းစားတိုက်စစ်ကို ပိုင်ဆိုင်ထားပြီးမှ မှန်းဆမရတဲ့ ခံစစ်နဲ့ဂိုးသမား ချိတ်ဆက်နားလည်မှု လျော့ကျနေတဲ့ တိုင်ပင်ကို အခုအချိန်မှာ ဖမ်းမိမှာတဲ့လား။
စိန့်နဲ့ပွဲမှာ ၂-၀ ဖြစ်ပြီးမှ ပွဲသိမ်းတော့ ၃-၃ ဆိုတာ ယုံနိုင်ဖွယ်မရှိတဲ့ အရသာထည့်ထားတဲ့ ရလဒ်တစ်ခုပါ၊ ဒါမျိုး အဖြစ်ခံနိုင်ဖို့ လမ်းပတ်ဟာ သူ့ခံစစ်ကို ဆီဗီလာနဲ့ အတွေ့မှာ ထပ်အဖြစ်ခံမှာတဲ့လား။
ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီးနဲ့ ပတ်သက်လာရင် တိုက်စစ်ကို မက်တွယ်သလောက် ခံစစ်ပိုင်းကို အခုအချိန်မှာ ငြင်းပယ်မိနေကြတဲ့သူတွေ မနည်းဘူးထင်တယ်။ ကီပါ အမှားများနေတဲ့ကာလကျမှ ဆီဗီလာနဲ့ပြန်ဆုံတော့ သူ့အတွက် စပိန်ကလပ်အသင်းဟာ ရင်ခုန်ချင်စရာပါ။
လမ်းပတ်အတွက်တော့ ဇူးမား၊ သီယာဂို၊ ခရစ္စတီယန်ဆန်၊ တိုမိုရီတို့လောက်နဲ့ဆိုရင် ဆီဗီလာထိုးစစ်ကို ထိန်းဖို့ အဆင်ပြေနိုင်မလား။ ရူဒီဂါကို လုံးဝမသုံးသေးဘူး။ ဒီအချက်က စဉ်းစားစရာပါ။
ဘေးထိုးထားတဲ့ ခံစစ်သမားအတွက်တော့ စိတ်ပျက်စရာဖြစ်ရသလို နည်းပြ အကြိုက်မဟုတ်တဲ့ ခံစစ်သမားဟာ ချယ်လ်ဆီးအတွက် အသုံးတည့်လာနိုင်သေးတယ် မဟုတ်ပါလား။ ဇူးမားနဲ့ ခရစ္စတီယန်ဆန် ပွဲထွက်မယ်ဆိုရင်တော့ အကောင်းဆုံးတိုက်စစ်ဟာ အကောင်းဆုံး ခံစစ်ဖြစ်နေစေဖို့ပဲ လမ်းပတ်ပြင်ဆင်ထားနိုင်မှ တော်ကာကျမယ်ထင်တယ်။
နို့မို့ဆိုရင် ယူရိုပါလိဂ် ဘုရင်တစ်ပါးဖြစ်ခဲ့ဖူးတဲ့ ဆီဗီလာက အခက်တွေ့အောင် လုပ်နိုင်ဖို့ ဝန်မလေးတဲ့အတွက်ကြောင့် ဖြစ်နေတယ်။
ပြီးတော့ PSG မြေပေါ်မှာ ရင်ဆိုင်ပြရမယ့် အစမ်းသပ်ခံ တိုက်စစ်နဲ့ ခံစစ်ပိုင်းပြင်ဆင်မှု အတိုင်းအတာဟာ မန်ချက်စတာ ယူနိုက်တက်အတွက်တော့ ဘာတွေဖြစ်နေမလဲ။ တစ်ချက်ထိ အမြန်ပေး ကစားဟန်တွေနဲ့ ထိုးစစ်တွေက နယူးကာဆယ်နဲ့ပွဲမှာ မြင်ခဲ့ရပေမယ့် စပါးကို ရှုံးခဲ့တဲ့ ၁-၆ မြို့တော်ကြီးအကြောင်းကိုတော့ ထည့်မပြောလို့ မရပြန်ပါဘူး။
ကာဗာနီ ရောက်လာခြင်းကြောင့် PSG အားနည်းချက်တွေကို သိခွင့်ရမယ့် မန်ယူအတွက် ထိထိမိမိ လိုချင်တာကို အဝေးကွင်းမှာ ယူပြနိုင်မှာတဲ့လား။ စိတ်ဝင်စားစရာပါ။
မြန်ဆန်တဲ့ အမ်ဘာပီ၊ ယူနိုက်တက်ကို အလဲထိုးမယ့် နာကျင်စိတ်များနဲ့ ဒီမာရီယာအပြင် မာယာများတဲ့ နေမာနဲ့ အိုင်ကာဒီတို့လို ဂိုးသွင်းသေချာသူတွေက အသင့်ရှိနေသေးတော့ ဘယ်လိုမျိုးမဆို ယူနိုက်တက်ခံစစ်နဲ့ ကမ္ဘာ့အကောင်းစားတိုက်စစ် အားပြိုင်ပွဲက ရင်ခုန်ချင်စရာပါ။

ဆိုးလ်ရှား ဘယ်လိုမျိုး ပွဲထွက်လာမလဲ။ သုံးနေကျ လူတွေပဲလား၊ လူသစ်တွေနဲ့လား၊ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ အဝေးကွင်းမှာ ယူနိုက်တက်ဟာ ခံစစ်ကျစ်လျစ်နေဖို့ ဘယ်လို အတန်းလိုက် ပွဲထွက်လာမလဲဆိုတာ စိတ်ဝင်စားတယ်။
တိုက်စစ်သွားနိုင်နှုန်းက ကာဆယ်နဲ့ပွဲမှာ မြင်ခဲ့ရတာ အမြင့်ဆုံးမဟုတ်တဲ့ အမြင့်ဆုံးဖြစ်နေတယ်။ မာရှယ် ပြန်ပါလာမယ် ဆိုတာကလွဲရင် ကျန်တာက အရင်မူအတိုင်း ဖြစ်တယ်။
တိုက်စစ် အကောင်းစားဖြစ်ဖို့နဲ့ ဂိုးသွင်းပါးနပ်ဖို့ကိုသာ PSG နဲ့ပွဲမှာ ယူနိုက်တက် ရှေ့တန်းလူတွေ လုပ်ပြနိုင်ဖို့ လိုတယ်ဆိုတာပါပဲ။ မလုပ်နိုင်ရင်တော့ ခံစစ်ပိုင်း အနေအထားမှာ ပြောစရာများစွာ ရှိနေနိုင်တယ်ဆိုတာပါပဲ။
မတည်ငြိမ်နိုင်သေးတဲ့ ခံစစ်ကြောင်း အဖို့တော့ လင်ဒီလော့ဖ်+မက်ဂွိုင်းယားတို့နဲ့ တစ်ဖက် ကမ္ဘာကျော်တိုက်စစ်အတွဲကို ထိန်းချုပ်ဖို့ ပွဲချိန်ပြည့် သေချာနိုင်ပါ့မလားပဲ။ အထူးသဖြင့် ကောင်တာတွေက ယူနိုက်တက် ခံစစ်တန်းကို အကြမ်းပတမ်း ဖြိုခွဲသွားနိုင်တယ်ဆိုတာ ကြောက်နေမိတယ်။
ကစားအားနဲ့ အတွေ့အကြုံအပြင်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အနေအထားမှာ ကွာဟချက်တွေ ရှိနေနိုင်တာကြောင့် ယူနိုက်တက်အတွက်တော့ အဝေးကွင်းမှာ ခံစစ်ပိုင်းနဲ့ ပတ်သက်တဲ့ ပုံစံကောင်းတစ်ခုကို ချထားနိုင်ဖို့ရှိနေမလားဆိုတာ ကြည့်ရမယ်။
သူများ ခြေထောက်ထဲ ဘောလုံးပေးထားရင်တော့ စိုးရိမ်ရေမှတ်ကတော့ ရာနှုန်းပြည့်ဖြစ်မယ်ဆိုတာ သတိထားရမယ်။ ဒီပွဲပြီးရင် ချယ်လ်ဆီးနဲ့နွှဲရမယ့် EPL ပွဲက အသင့်စောင့်နေသေးတယ်။

ပြီးတော့ မန်စီးတီးပါ။ အိမ်ရှင်ဖြစ်နေတာရယ်၊ လူပြန်စုံနေတာရယ်ကြောင့် ပေါ်တိုနဲ့အတွေ့မှာ ဘာမှတော့ ပြောစရာမရှိဘူး။ ဒါပေမဲ့ ခံစစ်တန်းမှာတော့ အမှားတစ်ချက်လေး လုပ်လို့မရနိုင်ပါဘူး။
ပေါ်တိုတိုက်စစ်ကလည်း ရတဲ့အခွင့်အရေးကို အမိအရ ယူပြတတ်သူတွေ ပါတယ်။ စပို့တင်းနဲ့ ပွဲတုန်းကလို ၄-၁-၄-၁ အနေအထားအတိုင်း မန်စီးတီးထိုးစစ်ကို ရင်ဆိုင်တုံ့ပြန်မယ့် သဘောရှိတယ်။
ရှေ့မှာ မာရီဂါကို အထောင်ထားပြီး တိုက်စစ်အစွန်မှာ ကော်ရိုနာနဲ့ ဒီယာ့ဇ်တို့လို မြန်မြန်နဲ့ မှန်မှန် တိုက်စစ်လိုက်ပါဂိုးသွင်းနိုင်တဲ့ စွယ်စုံတွေရှိနေတာကြောင့် ကွန်ဆေးကောင်းရဲ့အသင်းကို လျှော့တွက်ရင် ဂွါဒီယိုလာ ခက်မယ်။
ခံစစ်မှာလည်း ပီပီနဲ့ အမ်ဘမ်ဘာတို့ ရှိတယ်။ ပီပီက အသက်ရနေပေမယ့် သူ့အတွေ့အကြုံက သိပ်ကောင်းနေတုန်းဆိုတော့ မန်စီးတီးတိုက်စစ် အလုပ်ဖြစ်ဖို့လိုတယ်။
တစ်ချက်ရှိတာက မန်စီးတီးခံစစ်ဟာ အလွတ်တည်ကန်ဘောတွေနဲ့ ခေါင်းတက်တိုက်တတ်တဲ့ ဗဟိုခံစစ်သမားဖြစ်တဲ့ အမ်ဘမ်ဘာကို သတိထားရမယ် ဆိုတာပါပဲ။ အရေးကြီးတာက မန်စီးတီး နောက်ခံလူတွေဖြစ်တဲ့ ဝေါ်လ်ကာ၊ အကီ၊ ဒီယာ့စ်၊ မန်ဒီတို့ ပါးနပ်နေဖို့ပါပဲ။
၄ ယောက်စလုံး အကြမ်းစား ကစားတတ်တဲ့စိတ်တွေကြောင့် အိမ်ကွင်းမှာ ပေါ်တိုရဲ့ မထင်မရှား ထိုးစစ်တွေကို မန်စီးတီး အိမ်ရှင်ဖြစ်တာတောင် တော်တော်လေး သတိထားရမယ်ဆိုတာပါပဲ။ တိုက်စစ်မှာ အဂွဲရိုးပြန်ပါလာလို့ မဆိုးလှပေမယ့် တိကျတဲ့ ဂိုးတွေရဖို့ စတာလင်း ချိန်သားကိုက် လှုပ်ရှားနိုင်ဖို့ လိုတယ်ဆိုတာပါ ထည့်ပြောဖြစ်တယ်။
အဲ့ဒါပြီးတော့ ထပ်ပြောချင်တာက လီဗာပူးပါပဲ၊ တိုက်စစ်တွေ ကောင်းသလောက် ခံစစ်ပိုင်းမှာ အားထားရတဲ့ ဗန်ဒိုက်တစ်ယောက် ဒူးအရွတ်ထိပြီး ခွဲစိတ်ကုသရမှာဖြစ်လို့ ၇ လ၊ ၈ လလောက် နားရမယ်တဲ့။ ဒီတော့ ရှိတဲ့လူတွေနဲ့ အဆင်ပြေနိုင်မလား၊ အခုတွေ့ရမှာက အိုင်းယက်စ်ဖြစ်နေတယ်။
အိုင်းယက်စ်ဆိုတာကလည်း သိတဲ့အတိုင်း လူငယ်တွေအားနဲ့ အတင်းတိုးပြီး အိမ်ကွင်းမှာ ဖိအားပေးကစားတတ်တဲ့ အသင်းဖြစ်တယ်။ ဝါနဲ့သမ္ဘာ ကွာနိုင်ပေမယ့် ခံစစ်မှာတော့ လီဗာပူးအတွက် ငယ်ဂုဏ်ချင်းပြိုင်ရမယ့် အနေအထားမှာ ဖိအားတော့ များနိုင်သေးသလားလို့ပါ။

လီဗာပူးလ် ကောင်တာတွေ၊ ချိတ်ဆက်မှုတွေက အိုင်းယက်စ်ကို ဖိအားပေးနိုင်တာ မှန်တယ်။ ဒါပေမဲ့ အိုင်းယက်စ်တိုက်စစ်ကိုလည်း ခုခံထားနိုင်ဖို့ လိုတယ်။ ပရိုမက်စ်၊ တာဒစ်ဦးဆောင်မှုက လီဗာပူးခံစစ်တန်းကို အလုပ်များနိုင်တယ်။
အတွေ့အကြုံရင့် ဟန်တယ်လာနဲ့ ကလက်ဆန်လည်း ရှိနေတာကြောင့် လီဗာပူးအတွက်တော့ တိုက်စစ်သွားရင်း ခံစစ် မလစ်ဟင်းရစေဖို့တော့ သတိထားရမယ်။ ဂိုမက်ဇ်၊ မာတစ်အပြင် ဖာဘင်ညိုတို့အားလုံး ခံစစ်အတွက် သေချာပြင်ဆင်ထားမှ အဆင်ပြေလိမ့်မယ်။
အထူးသဖြင့် ဖာဘင်ညိုပါ၊ သူ့အားနဲ့ ခံစစ်ကို လုံအောင်လို့ ပိတ်ရမယ်။ တစ်ဖက်က ကောင်တာ ပြန်ဝင်လာရင် ဂိုမက်ဇ်နဲ့မာတစ်တို့ ၂ ယောက်တည်းအားနဲ့ထောက်ဖို့ဆိုတာ မလွယ်ဘူး။
ဂိုးသမား အက်ဒရီယန်ရဲ့လက်စွမ်းကလည်း ရွှေတစ်နေ့ ငွေတစ်နေ့ဆိုတော့ ချယ်လ်ဆီးလိုပဲ တိုက်စစ်သည်သာ အခရာကျတဲ့ပွဲ ဖြစ်နေတယ်။ အပြိုင်ဂိုးတွေသွင်းပြီး အကောင်းဆုံးခံစစ်ကို အကောင်းဆုံးတိုက်စစ်နဲ့ တည်ဆောက်ရမလိုပါပဲ။
ဘယ်လိုပဲပြောပြော အင်္ဂလန်ကလပ်တွေ အတွက်တော့ ခံစစ်နဲ့ပတ်သက်လာရင် အခုတလော လူပြောများနေတာကြောင့် UCL အထိ ခံစစ် ဖရိုဖရဲဖြစ်မှုတွေက ဆက်လက် အရှိန်မြင့် ပါလာမလားဆိုတာ တွေးဖြစ်မိလို့ အခုလိုမျိုး ရေးဖြစ်တယ်။