
ချန်ပီယံလိဂ် စပ်မိစပ်ရာ
အရာအားလုံး ပြီးဆုံးသွားပြီ။
ဟ…ဘာပြီးတာလဲပေါ့။
ဘာမှ မဟုတ်ပါဘူး။
ချန်ပီယံလိဂ်ပြိုင်ပွဲကြီး
နိဂုံးချုပ်တာကို ဆိုလိုတာပါ။
၂၀၂၂/၂၃ ရာသီအတွက်
ကမ္ဘာ့အကောင်းဆုံး
ကလပ်အသင်းပြိုင်ပွဲကြီး
ပြီးဆုံးသွားခဲ့ပါပြီ။
အားလုံးထင်ထားတဲ့အတိုင်း
ဘိုင်ယန်နဲ့ လက်ရှိချန်ပီယံ
ရီးရဲလ်ကို ဂိုးပြတ်အနိုင်ရထားတဲ့
မန်စီးတီးပဲ အနိုင်ရခဲ့တယ်။
ကြေးအရတော့ နည်းနည်းတော့
ပွန်းပဲ့ခဲ့တာပေါ့လေ။
ပြား ၃၀ လောက်။
စပိန်သား ရိုဒရီရဲ့ အမှတ်တံဆိပ်
အမှတ်မထင် ကန်ချက်ကနေ
အနိုင်ဂိုးရသွားခဲ့တာ။
မန်စီးတီးရဲ့ အောင်ပွဲက
မန်ချက်စတာသည် အနီဆိုတဲ့
ဆောင်ပုဒ်ကို အနီအပြင်
အပြာလည်းရှိတယ်ဆိုတဲ့
စာသားကိုပါ ထပ်ပေါင်းခဲ့တာ။
ချန်ပီယံလိဂ်ဖလားကို အရင်က
မန်ယူနိုက်တက်သာ ရဖူးတယ်ဆိုတဲ့
မှတ်တမ်းကို မန်စီးတီးက
ငါတို့လည်းပါတယ်လို့
ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ဒီလိုရေးထိုးနိုင်ဖို့ ဆူညံသော
အိမ်နီးချင်းတွေလို့ အမည်ပြောင်
ပေးခံထားရတဲ့ မန်စီးတီးက
ဆယ်စုနှစ်နဲ့ချီ ကြိုးစားခဲ့ရတာပါ။
မန်စီးတီးရဲ့သမိုင်းကိုပြန်ကြည့်ရင်
ထိုင်းဝန်ကြီးချုပ်ဟောင်း
သက်ဆင်ရှင်နာဝပ်ထရာ
ဝယ်ယူခဲ့တဲ့ ၂၀၀၇ မှာ ကမ္ဘာက
သိသွားခဲ့တာလို့ ဆိုနိုင်ပါတယ်။
သက်ဆင်ရဲ့ ပိုင်ဆိုင်မှုက
တရာသီသာခံခဲ့ပေမယ့်
လက်ရှိပိုင်ရှင်တွေဖြစ်တဲ့
ညီညွတ်သော အဘူဒါဘီ
စီးပွားရေးအုပ်စုပိုင်
City Football Group (CFG)
လက်အောက်မှာ ပိုတောက်ပ
လာတယ်လို့ဆိုရင် မမှားနိုင်ပါဘူး။
CFG လက်ထက်ကျမှ
မန်စီးတီးဟာ အောင်မြင်မှု
ရလာတာ အားလုံးသိပါတယ်။
၂၀၀၈ နောက်ပိုင်း မန်စီးတီးဟာ
ပရီးမီးယားလိဂ် ၈ ကြိမ်၊
အက်ဖ်အေဖလား ၃ ကြိမ်၊
ခါရာဘောင်ဖလား ၆ ကြိမ်၊
ချန်ပီယံလိဂ် ၁ ကြိမ်
ရယူနိုင်ခဲ့ပါတယ်။ အမှတ်ပေး
ဖလားကို အကြိမ်ကြိမ်
ရယူပြီးနောက်ပိုင်း CFG
အသည်းအသန်လိုချင်နေတာက
ချန်ပီယံလိဂ်။
အင်္ဂလန်ကို မင်းမူနေပေမယ့်
ဥရောပကို မစိုးမိုးနိုင်တာက
ယူအေအီး ဘောစိတွေကို
ပမာမခန့်ပြုနေတာပဲ။
ကြိုးစားတယ်။
မရဘူး။
ဖိုင်နယ်တကြိမ်တက်တယ်။
တနိုင်ငံတည်းက ချဲလ်ဆီးကိုရှုံးပြီး
ဒုတိယပဲရတယ်။ နောက် ၂ နှစ်
အကြာမှာတော့ အင်တာကို
အနိုင်ယူပြီး အလိုချင်ဆုံး
ဆုတံဆိပ်ကို ရယူခဲ့တယ်။
ဂွါဒီယိုလာ အင်္ဂလန်ကို
ရောက်လာတဲ့ ၂၀၁၆/၁၇ ရာသီကနေ
အခုအထိ ချန်ပီယံလိဂ်ရဖို့
CFG အသုံးပြုထားတဲ့ ငွေက
ယူရို ၁.၂၄ ဘီလီယံအထိရှိတယ်။
ဘာစီလိုနာနဲ့အတူ
ချန်ပီယံလိဂ် နှစ်ကြိမ်
ရယူဖူးတဲ့ ဂွါဒီယိုလာကတောင်
အစ္စတန်ဘူလ်နိုင်ပွဲအပြီး
ဒီလိုပြောခဲ့တယ်။
“ငလူး တော်တော်ကို
ခက်ခက်ခဲခဲယူရတဲ့
ဖလားပဲ” တဲ့။
သူပြောလည်း ပြောချင်စရာ။
ဘာကာနဲ့ နောက်ဆုံးအကြိမ်
ရယူခဲ့တဲ့ ၂၀၁၁ ကနေ
လက်ရှိအချိန်အထိ နောက်တကြိမ်
ထပ်ရဖို့ ၁၂ နှစ်ကြာတယ်။
ဂွါဒီယိုလာဟာ မတူညီတဲ့
အသင်းနှစ်သင်းနဲ့ တရာသီအတွင်း
ဖလား ၃ လုံးရယူနိုင်တဲ့
ပထမဆုံးနည်းပြဖြစ်လာတယ်။
အယ်ဗာရက်ဇ်က ဖိုင်နယ်ပွဲမှာ
ကစားခွင့်မရပေမယ့်လည်း
ကမ္ဘာ့ဖလားနဲ့ ဖလား ၃ လုံးကို
တနှစ်အတွင်းရယူနိုင်တဲ့
ပထမဆုံး ကစားသမားအဖြစ်
စံချိန်တင်ခဲ့တယ်။
ပြောရရင် မန်စီးတီးရဲ့
ဒီရာသီ စွမ်းဆောင်မှုတွေက
ရေးမကုန်နိုင်ဘူး။
ဘာပဲဖြစ်ဖြစ် မန်ချက်စတာမှာ
အသင်းကောင်းတသင်း
ထပ်တိုးလာတာက
ဝမ်းသာစရာပါပဲ။